Part 16

21K 2.4K 376
                                    

<Unicode>

သူက လူတစ်မျိုး။
ဂရုစိုက်ပေးတာကို ခံချင်ပြီး
ကျေးဇူးတင်ကြောင်းတော့
လှစ်ဟမပြောတတ်သူ။

ဒါပေမယ့် စိတ်ထဲမှာတော့
ဆေးစွဲသလို စွဲလမ်းသွားတတ်တယ်။

ဂရုစိုက်မှုတွေကိုရော၊ ထိုလူကိုရော .. ။

တောင်းဆု

၁၅မိနစ်အတွင်း ရောက်တော့မယ်ဆိုတော့ အပြောကြောင့် ဟန်သာ ခရီးဆောင်အိတ်ကလေးကို ဆွဲကာ တိုက်အောက်ဆင်းရသည်။ ထုံးစံအတိုင်း ခရီးသွားမယ်ဆို မာမီက လိုက်မပို့လို့မဖြစ်။

သူကလည်း ဒီလိုမှဂရုမစိုက်ရင် စိတ်ကောက်တတ်တဲ့အမျိုးကိုး။ အသုံးအဆောင် အသေးစိတ်ကစ မာမီက သေချာသပ်သပ်ရပ်ရပ်ထည့်ပေးလျှင် ခရီးစဉ်တစ်ခုလုံး သူ့အတွက် သာယာသွားရော။

"မာမီ ဘာမှာမလဲ"

အချိန်က နေ့လည် ၁နာရီကျော်မို့ သားအမိနှစ်ယောက် အရိပ်တွင်သာ ကပ်နေကြသည်။

"မာမီ့တပည့်မလေးပြောဖူးတာ မြဝတီဖက်က အဝတ်အစားတွေ စျေးချိုတယ်တဲ့။ မာမီတို့၊ တီကြီးတို့နဲ့လိုက်တာတွေ့ရင် ဝယ်ခဲ့။ ရွေးတတ်ပါစေနော် .. အဖွားကြီးဆင်တွေ မဝတ်ဘူး ဟွန့်"

"ဒါဆိုရင်တော့ အဝတ်အစားတင်မကဘူး။ ထိုင်းအလှကုန်တွေပါ ဝယ်ရတော့မယ်ထင်တယ်။ သား အဖွားအိုပေါက်စလေးတွေက ပါးရေတွေတွန့်တော့မှာဆိုတော့လေ....."

ဖြန်းခနဲ လက်သံတစ်ချက်က လက်မောင်းပေါ် ကျရောက်လာသည်။ မာမီက မုန်းတာမဟုတ်ပေမယ့် လက်ပါတတ်သည့် အကျင့်ရှိသူပါ။ ရယ်စရာဆိုရင်လည်း ရိုက်ရိုက်ပြီးမှပြောတတ်တော့ ဘေးနားကလူဆို ကျောပုတ်ပြီသာမှတ်။

"မာမီ စပ်တယ်လို့။ ဒီလက်သံနဲ့ဆို တပည့်တွေ ထွက်ပြေးပြီး အတန်းမှာလူမရှိမှာတောင် သား စိတ်ပူလာပြီ။"

မာမီက ခိုးခိုးခစ်ခစ် ရယ်ပါသည်။ တကယ်လည်း စပ်တာကိုး။

"သား မာမီက ၂နာရီ အတန်းဝင်ရမှာ။ ခု ၁နာရီတောင်ခွဲနေပြီ မလာကြသေးဘူးလား။ မြဝတီဖက်အရောက်နောက်ကျနေဦးမယ်။"

Eyes On Me Where stories live. Discover now