Part 46

17.8K 1.9K 493
                                    

<Unicode>


ပါးစပ်ပါလို့ ရွာရောက်တယ်ဆိုတာထက်၊
နှလုံးသားကရှာလို့ ခရီးပိုပေါက်တာပါ။

အချစ်ဝိညာဉ်

📍LinKhay (Langkho), Myanmar

"ကြီးတော် .. ဘာလို့ဖုန်းဆက်ခေါ်တာတုန်း"

ကွမ်းသွားထုတ်တဲ့ဖိုးကဲက ငြူငြူစူစူနဲ့ ဆိုင်ထဲပြန်ဝင်လာသည်။ ဆယ်ကျော်သက်လူငယ်ကလေးမို့ အပျော်အပါးက အင်မတန်မက်သည်။ တစ်နေရာရာသွားလိုက်လျှင် တစ်ရာသီကုန်လောက်အောင်ထိ ကြာတတ်တာမို့ အမြဲတစေဖုန်းဆက်ခေါ်နေရတာပင်။

ဒေါ်သူသူခေတ်အဖို့လည်း ဆိုင်မှာလက်တိုလက်တောင်းခိုင်းစရာက ဖိုးကဲပဲရှိသည်၊ ဒါမို့ လူကျချိန်ဆို မျက်စိအောက်က ကြာကြာအပျောက်မခံနိုင်။ 'ခေတ်စည်းစိမ်' ဆိုတာ လူသုံး၊ အိမ်သုံးကအစ အလှကုန်အတိုအထွာလေးအဆုံး အကုန်ရနိုင်သည့် ကုန်စုံဆိုင်မျိုးပင်။ ပွဲစားစကားနဲ့အငှါးပြောလျှင် ရွတ်သမျှအကုန်ရနိုင်တဲ့ဆိုင်မို့ အလုပ်ကတော့ဇယ်ဆက်မပျက် လိုက်လုပ်နေရ၏။

"နင့်မလည်းအပြင်ခဏဆိုတာနဲ့ စူဠလိပ်ရေထဲလွှတ်လိုက်သလိုပဲ၊ ပေါ်ကိုမလာတော့ဘူး။ အဲ့ဒီမှာ အရောင်းထိုင်းတဲ့ကြိုးထုံးတွေ၊ ဒန်ခွက်တွေ ၃ခုစီလောက်ပဲချန်ပြီး ကျန်တာဂိုထောင်ထဲသွားသိမ်းထားချေ။ ဒါမှ နင့်အစ်ကိုလေးပြန်လာရင် ပစ္စည်းအသစ်တွေထားဖို့ နေရာကျယ်မှာ"

"အင်းပါ ကြီးတော်ရာ၊ ကျုပ်က စိတ်ဝင်စားစရာတွေ့လို့ စောင့်ကြည့်နေတာနဲ့ကြာသွားတာပါ"

"ဟဲ့ စိတ်ဝင်စားစရာဆိုတာ ဘာတုန်း"

လင်းခေးကဘယ်ကိစ္စမဆို သိချင်တဲ့ဒေါ်သူသူခေတ်အကြောင်းကို ဖိုးထူးကသိပ်နပ်သည်။ ဒါမို့ သူထပ်အဆူမခံရဖို့အရေး သတင်းအနံ့လေးပေးလိုက်တော့ အဖက်လုပ်ကာမေးခံရလေပြီ။ အဆူလည်းမခံရ၊ လေလည်းပေါရတဲ့အပြင် အလုပ်ပါခဏနားရတာဆိုတော့ ဖိုးထူးအတွက် ခဲတစ်လုံးနဲ့ငှက်သုံးကောင် ဆင့်ပစ်နိုင်သလိုမလား။

"ကိုချစ်ကြီးလက်ဖက်ရည်ဆိုင်မှာ လူထူးဆန်းရောက်နေတယ်ဗျ၊ အကုန်ဝိုင်းကြည့်နေကြတာ"

Eyes On Me Where stories live. Discover now