Part 35

20.1K 1.9K 380
                                    

<Unicode>

Crying is not a solution but makes you feel better.

- Moumita Ghosh

တူးဖော်ရမယ့်အတိတ်

ရှေးမြန်မာမင်းတွေ စိုးစံခဲ့တဲ့မြို့။

လွမ်းဆွေးစရာ ဦးပိန်တံတားကြီးနဲ့မြို့။

ထိုးမုန့်ဆို နာမည်ကြီးလွန်းတဲ့မြို့။

ဆိုင်ကယ်မြို့တော်လို့ ခေါ်ယူရတဲ့မြို့။

ရာဇဝင်တွေနဲ့လှပနေခဲ့တာ မန္တလေးမြို့ပါပဲ။

နန်းမြို့ရိုးကျုံးတောင်ဘက် ၂၆လမ်းပေါ်တွင် Saloon ကားလေးတစ်စီး ဣဒြေရစွာ မောင်းနှင်နေသည်။ လေယာဉ်နဲ့လာသော နှစ်ယောက်သားအတွက် မန္တလေးရောက်လျှင် အားကိုးရသည်က ရုံးကားကိုသာ။

လမ်းညာဖက်ကြောတွင် နေရာယူမောင်းနေသော သူရိန့်အကြည့်တွေက ဘယ်ဘက်ဘေးကကျုံးတွင်သာ ကပ်ငြိနေသည်။ ရေပြင်နံဘေးက င်္စကြံလမ်းလေးတွင် မလျှောက်ရတာကြာပြီမို့ ပြေးဆင်းချင်စိတ်က တစ်ပိုင်းသေနေလေပြီ။

မန္တလေးကိုရောက်တာနဲ့ သူမတူတဲ့အငွေ့အသက်တွေကို ခံစားရသည်။ မည်းညို့နေတဲ့ နိုင်လွန်ကတ္တရာလမ်းမကြီးတွေ၊ လမ်းလယ်မီးတိုင်တွေဘေးက အစီအရီသွားလာနေကြတဲ့ ကား၊ ဆိုင်ကယ်တွေ .. အားလုံးက ယောက်ယက်ခတ်နေတာမျိုးမဟုတ်ဘဲ အစီတကျနှင့် ပနံရသည်။

တက္ကသိုလ်တက်ခဲ့စဉ်က အမှတ်တရအားလုံးက မန္တလေးမှာသာ ရှိခဲ့၏။ လင်းခေးမှာ နေရတာထက် မန္တလေးမှာ နေခဲ့ရတဲ့အချိန်၊ ပျော်ခဲ့ရတဲ့အချိန်က များတာမို့ သူ့အတွက် ဒုတိယအိမ်၊ ဒုတိယမြို့လို့ ခံစားနေမိတာ အမှန်ပါပဲ။

ကျုံးနံဘေး ၂၆လမ်းဆုံးတော့ သူရိန်က ပွိုင့်ခဏစောင့်ပြီး ကျုံးအရှေ့ဘက် ၆၆လမ်းပေါ် ညင်သာစွာ ကွေ့လိုက်သည်။ ဒီတွင် သူရိန့်ကိုလှည့်ကြည်လာသူက Eric ပါ။

"62 လမ်းရောက်ဖို့ လိုသေးတယ်မလား၊ ဘာလို့ကွေ့လိုက်တာလဲ"

"ကျုံးပတ်ချင်လို့"

မန္တလေးက လမ်းတွေအနည်းငယ်သိနေသော Eric က ဒီတိုင်းထိုင်လိုက်နေတာတော့မဟုတ်။ သူလုပ်တာတွေရော၊ မလုပ်မိသမျှတွေပါ အကုန်လိုက်ကြည့်နေတော့တာ။ အခုလည်း အစ်မအိမ်က ၆၂လမ်းပေါ်မှာမို့ လမ်းလိုက်ကြည့်နေခြင်း ဖြစ်မည်။

Eyes On Me Where stories live. Discover now