Part 53

20.6K 2K 589
                                    




<Unicode>

'သံသယ'ဆိုတဲ့ရေခိုးရေငွေ့တွေစုပေါင်းရင်
'မယုံကြည်ခြင်း' မိုးတိမ်တွေ
ဖြစ်တည်လာတယ်လို့ မင်းပြောဖူးတယ်။

ဒါဆို ကိုယ် ဘယ်လိုဖြေရှင်းရမလဲ၊
ဘယ်သူ့ကိုအကူအညီတောင်းရမလဲ.. Bae!
လေညှင်းကိုလား၊ နေမင်းကိုလား။

နှလုံးသားချင်းနီးပြီဆိုလျှင် ...


အိပ်ရာနိုးကတည်းက မကြည်လင်သောစိတ်၏ အရိပ်အငွေ့တို့သည် နေ့တစ်ဝက်ကျိုးချိန်တွင် ဒေါသမိုးတိမ်ထုကြီးပမာ ပြောင်းလဲသွားချေပြီ။မျက်ခုံးစွန်းနှစ်ဘက်ကို ထိတွေ့လုပါးနီးကြုတ်ထားမိတာ နာရီ၊ မိနစ်၊ စက္ကန့် အတော်များများကြား။ စနိုးကတည်းက ဘာမှမစားထားတော့ အစာအိမ်တွင် အသံဗလံတွေဆူညံလာသည်။ ဒီတော့ တွေ့ကရာပေါင်မုန့်တစ်လုံးကို စားလိုက်မိတာက မဝရေစာ။

သူရိန်ခေတ် .. ဒီနေ့မနက်စာ မစီစဉ်ပါလေ။

ဆိုဖာပေါ်ထိုင်ရင်း သူ အသက်ကိုပြင်းပြင်းရှူရှိုက်နေသည်။ လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ခဲရင်း လူကမူးချာချင်လာ၏။ တိုက်ခန်းတစ်ခုလုံး အပ်ကျသံကြားရလောက်အောင် ငြိမ်သက်နေပေမဲ့ သူ့အာရုံထဲမှာတော့ အတွေးတွေဆူညံနေတာ ပျားတစ်ကောင် နားထဲတဝီဝီဝဲပျံနေသည့်နှယ်။

အခု Eric ဘယ်နေရာမှာ၊ ဘာလုပ်နေသနည်း။

မနက်၉နာရီကျော်တဲ့ထိ ဘဲကြီးလာမနှိုးခြင်းဟာ ညကသူပင်ပန်းထားလို့ အိပ်ခွင့်ပေးထားတယ်ဟုထင်ခဲ့တာပင်။ သို့သော် နိုးနိုးချင်းရင်ခွင်ထဲဝင်ကြည်နူးဖို့ ဘေးမှာချစ်သူမရှိ။ မျက်နှာမသစ်၊ သွားမတိုက်ဘဲ သူလိုက်ရှာတော့မှ ထွက်သွားမှန်းသိလိုက်ရသည်။ ဖုန်းဆက်ကြည့်တော့ Jing ကို လိုက်ပို့စရာရှိလို့ အပြင်ရောက်နေသတဲ့။ အိပ်ရေးဝဝအိပ်ဖို့ မနှိုးတော့တာဆိုတာက ဘဲကြီးရဲ့ လှပတဲ့ဆင်ခြေတွေထဲက တစ်ခုပဲလား။

နေ့လည်၁နာရီထိုးခါနီးထိ ပြန်မလာသေးတာမို့ သူရိန့်၏သိချင်စိတ်တို့က ထိန်းမရတော့ပေ။ Jing ကိုဘယ်နေရာထိလိုက်ပို့ရတာမို့ ပြန်မလာသေးတာပါနည်း။ နောက်ပြီး မပြောမဆိုနဲ့ထွက်သွားတာကို သူရိန် လုံးဝသဘောမကျတာပင်။ သူဘယ်သွားသွားပြောရပေမဲ့ Eric ကတော့ အမြဲတစ်ကွက်ချန်နေတတ်သည်။

Eyes On Me Where stories live. Discover now