Part 42

17.7K 2K 422
                                    

<Unicode>

ပေါင်းစပ်လို့မရဘူးဆိုလည်း
ဘာလို့ဆုံစည်းစေခဲ့သလဲ။

ဦးနှောက်အလို .. နှလုံးသားလေးငို


ဟန်သာ့အခေါ်  Ice ကောင် အမြှောက်ကောင်းတာနဲ့ ရေကူးချင်တဲ့သူ့ဆန္ဒကို အရဲကိုးကာထုတ်ပြောနိုင်ခဲ့သည်။ ချစ်သူကကိုယ့်ကိုဘယ်လောက်ချစ်လဲသိပေမဲ့ မအားလို့များ ငြင်းလိုက်ရင်ဆိုတဲ့အတွေးကို အတော်ချိုးနှိမ်ပြီး မေးလိုက်ရခြင်းမျိုးပင်။

သို့သော် စကားတစ်ခွန်းနဲ့လည်း အလိုက်သိလွန်းသူကြောင့် သူပျော်ရွှင်ရတာ အတိုင်းထပ်အလွန်ပါပဲ။

ရုံးကနေ နာရီဝက်စောဆင်းလာသော သူရိန်နှင့် Eric တို့နှစ်ယောက် အခန်းကိုတော့ ခဏပြန်ကြသေးသည်။ သူလည်း ငနဲရှိရာအခန်းခဏနေခဲ့ပြီး လျှို့ဝှက်လုပ်လက်စလေးကို ဝင်ကြည့်ရသေးသည်။ ရေမလောင်းပေးနိုင်တဲ့ အပင်လေးတွေရော ကောင်းကောင်းရှင်သန်ကြသေးရဲ့လားပေါ့။

ညနေ၆နာရီမထိုးခင်မှာပဲ နေရောင်ကပျောက်သွားလေပြီ။ ဆောင်းရာသီဝင်မှ ရေကူးချင်တဲ့သူ့အာသီသကလည်း လွယ်တော့မလွယ်။ Eric ကတော့ Pool heating system ပါတဲ့နေရာ ရွေးထားတယ်ပြောသည်။ ဒီလိုသာပြောပြသည်၊ ကားပေါ်ရောက်တဲ့ထိ သူရိန်တစ်ယောက် နေရာအတိအကျ မခန့်မှန်းနိုင်သေး။ မေးတော့လည်း ရောက်ရင်သိမှာပေါ့ဆိုပြီး ကားမောင်းရင်းက သူ့လက်ဖမိုးကို ယူနမ်းပြန်ပြီ။

ကြည်နူးစိတ်က သွေးကြောတွေကတဆင့် နှလုံးသားထဲထိ ဆွတ်ပျံ့လာ၏။

"လာ .. ဆင်းမယ်"

"ဦးသစ်မင်းရဲ့ဟိုတယ်ဆိုတာ ခုနတည်းကပြောပြလည်း ရတာကို"

"ကြိုမသိထားတော့ ဒီနားကမခုန်ဘူးလား"

သူ့ဘယ်ဘက်ရင်အုံကို လက်ညှိုးနဲ့ နှစ်ချက်တို့ထိရင်းပြောလာပုံက  တကယ်ချစ်စရာဘဲကြီး။

"ခုန်တာမှ ပေါက်ထွက်တော့မယ်ဗျ"

သူ့အပြောကိုလည်း Eric ကသဘောကျတော့ ဆံပင်ရှည်တွေကို ဖွရမ်းပစ်လာ၏။ ရုံးချိန်မဟုတ်လို့ ပေါ့ပေါ့ပါးပါး ချထားသည့်သူ့ဆံနွယ်တွေ ပျော်ရွှင်မှုနဲ့အတူ မြူးထူးကခုန်နေကြတော့တာပါပဲ။

Eyes On Me Where stories live. Discover now