Part 28

23.6K 2.2K 600
                                    

<Unicode>


ပုံမှန်ဆို ကျွန်တော်က
အရှက်မသည်းတတ်တဲ့သူပါ။

ကွယ်ဝှက်ထားခဲ့တဲ့အချစ်တွေ
ခင်ဗျား ရိပ်မိသွားမှသာ ... ။


မြတ်နိုးရာ


နေ့တဒူဝလုပ်နေရသော ရုံးလုပ်ငန်းဆောင်တာများတွင် အစည်းအဝေးတွေကလည်း ကြားညှပ်မပါမဖြစ်။  ဘာတဲ့ဆို လူစုပြီးစည်းဝေးနေရတာ အချိန်ကြာတယ်ထင်ရသော်လည်း ကောင်းမွန်တဲ့အဖြေတွေကတော့ ရတတ်စမြဲပါပဲ။

လူစုံလျှင် အတွေးစုံသည်။

အတွေးစုံလျှင် အဖြေစုံသည်။

တစ်ယောက်တည်းက မမြင်နိုင်သော ယိုပေါက်များစွာကိုလည်း ပိတ်ဆို့နိုင်မယ်မလား။

'Good ideas start with brainstorming' ဆိုသလို ဦးနှောက်ကိုသာ သေချာအလုပ်ပေး စဉ်းစားရင် သေချာပေါက် ရလာဒ်ကောင်းတွေ ထွက်လာတတ်ပါသည်။ သို့သော် လေးတွဲ့ကာ အဖျက်စကားပြောတတ်သူတွေ များနေလို့မဖြစ်။ အစည်းအဝေးကို ပါးနပ်စွာပဲ့ကိုင်နိုင်သော ခေါင်းဆောင်ကောင်းတစ်ယောက်တော့ အမှန်တကယ်လိုအပ်သည်။

ဟန်သာလည်း ဒီလိုအရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ခေါင်းဆောင်တစ်ဦးပါပဲ။

သူရိန်တွေးနေရင်း ရုံးအပေါ်ထပ်သုံးလွှာမှ စကားတပြောပြောနှင့် ဆင်းလာသည့်ဟန်သာကိုမြင်တော့ သက်ပြင်းရှည်ချနိုင်သွားသည်။ အစည်းအဝေးပြီးသွားကြပုံပါပဲ။

ဒီကောင် လက်ထောက်မန်နေဂျာတွေနဲ့ စကားပြောမပြတ်သေးတာမို့ သူရိန် လှမ်းမခေါ်မိသေး။ သူ အစည်းအဝေးပြီးဖို့စောင့်ရတာနဲ့ ဗိုက်က အတော်ဆာလေလှပြီ။ ဘေးစားပွဲက လူတွေရှိတာတောင် တဂွီဂွီမြည်နေသည့် သူ့ဗိုက်သူ ပြန်ထိုးချင်မိသည့်အထိ။ မဟုတ်သေး။ ထိုးမယ့်ထိုး အစည်းအဝေးခန်းထဲကနေ ထမင်းစားလှမ်းစောင့်ခိုင်းသည့်ကောင်ကိုသာ ထိုးရမည်။

ဘယ့်နှယ် .. သူ့ရည်းစားလည်းမဟုတ်ပါဘဲ။

"သားလေး .. ဆာနေပြီလား"

"မင်းကြီးတော်သားလေး! ဆာတာမှ အူအထပ်လိုက်ခွေနေပြီ"

သူရိန် ခပ်ရွဲ့ရွဲ့ပြောရင်း ထမင်းစားခန်းဆီ ထထွက်တော့သည်။ ၁၂နာရီတောင်ခွဲပြီမို့ လူကဟန်မဆောင်နိုင်တော့။ ဟိုကောင်လည်း သူ့ပစ္စည်းတွေပြန်ထားပြီး အနောက်က လိုက်လာလိမ့်မည်။

Eyes On Me حيث تعيش القصص. اكتشف الآن