Part 29

22.2K 2.2K 544
                                    

<Unicode>

တိမ်တွေရွေ့လျားနေတာ
တိုက်ခတ်တဲ့ လေပြေတွေကြောင့်ဆိုရင် ..

သူ့နေ့ရက်တွေ ရှေ့ဆက်နေနိုင်တာလည်း
ဖေးမပေးတဲ့ အစ်ကိုကြောင့်ပါပဲ .. ။

Two Reasons to Live


Toyota Crown အဖြူလေးက လမ်းမပေါ် တရွေ့ရွေ့မောင်းနှင်နေသည်။ ကားအတွင်းတွင်တော့ ငြိမ်သက်ခြင်းက ကြီးစိုးနေ၏။

သေချာပေါက် Ice တစ်ယောက် ငူငူငိုင်ငိုင် ဖြစ်နေခြင်းကြောင့်ပင်။

ဟန်သာ ကားမောင်းနေရင်းက တစ်ဖက်ကို ခဏခဏ လှည့်ကြည့်နေမိသည်။ ခါတိုင်း စကားတပြောပြောနှင့် တက်ကြွနေတတ်သူက ဒီလိုပုံစံဖြစ်နေတော့ သူ့မှာစိတ်မသက်သာ။ အပြန်တစ်လမ်းလုံး လည်း သက်ပြင်းတွေချမိတာ အခါခါပါ။

ပထမဆုံး သူ့အမေကို စရှာတဲ့နေ့မှာတင် ကောင်လေးက အားပြတ်နေလေပြီ။ နောက်ထပ်အမည်နာမများစွာကို ဆက်ရှာဖို့ သူ ဘယ်လိုများအားမွေးမှာပါလိမ့်။ တကယ်ဆို လူတွေအများကြီးထဲက သေချာဂဃနဏ မသိသောလူတစ်ယောက်ကို ရှာရတာမို့ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုတော့ ဖြစ်နေသည်။

'ဒေါ်သီရိထွန်းလားခင်ဗျ' ၊ 'ဒေါ်စန်းသီရိမေလား' ၊ 'Som Phon Lohanan ကိုများသိလားဗျ' ။

မိခင်များဖြစ်နေမလားဆိုသည့် မျှော်လင့်ချက်ကြီးမားပုံက တဖျတ်ဖျတ်လက်နေခဲ့သည့် မျက်လုံးတွေ၊ တက်ကြွနေခဲ့သည့်အသံကို မြင်ရုံ၊ ကြားရုံတာနဲ့တင် အတတ်သိနိုင်သည်။ သို့သော် မေးခွန်းတွေမှာ ခွန်အားတွေအပြည့်ပါသလောက် အဖြေတွေကတော့ အငြင်းသဘောသာ စွက်နေခဲ့၏။

ပေးထားခဲ့တဲ့ လိပ်စာမှာမနေတော့တဲ့သူနဲ့၊ နေပြန်တော့လည်း ဧည့်သည်တွေအများကြီးကြုံခဲ့တာမို့ မမှတ်မိဘူးဆိုကာ စိတ်မရှည်သူနဲ့၊ Ice လိုချင်တဲ့အဖြေက တစ်နေ့ထဲမှာ ၃ယောက်ရှာတာတောင် မထူးခြားပါ။ ဒီတော့လည်း စိတ်ဓာတ်တွေ ကျရှာပြီပေါ့။

တစ်နေ့တာအကြောင်းပြန်တွေးရင်း ဟန်သာပါ ဒီကောင်လေးအစား ရင်မောလာသည်။ ခုံနောက်မှီကိုအားပြုကာ လျော့ရဲရဲထိုင်နေသော Ice ကတော့ ကားလမ်းတစ်ဖက်ကိုသာ ငေးနေ၏။ မျက်လုံးကို စုန်ဆန်မလှုပ်ရှားဘဲ တစ်နေရာထဲကြည့်နေပုံထောက် သူ့ထုံးစံအတိုင်း တွေးဆွေးပြီး ဝမ်းနည်းနေတာပဲ ဖြစ်လိမ့်မည်။

Eyes On Me حيث تعيش القصص. اكتشف الآن