Part 38

19.4K 2K 561
                                    

<Unicode>

ခင်ဗျားရှိတယ်ဆိုတဲ့အသိနဲ့ပဲ၊
အခက်အခဲတွေကြား အသက်ဆက်နေခဲ့တာ။

ဒါမို့ တစ်ဦးတည်းသောခင်ဗျားကတော့
ဘယ်လိုမှစွန့်ခွါမသွားလိုက်ပါနဲ့။

အပ်နှင်းထားတဲ့ အသက်ဝိဉာဉ်ပါသွားရင်၊
ခန္ဓာကျန်အင်ပါ အပြီးအတိုင်းချုပ်ငြိမ်းသွားမှာမို့။

အစ်ကို

စားသောက်ဆိုင်ဝန်းအတွင်း စောင်းသံငြိမ့်ငြိမ့်လေးက လွှမ်းခြုံထားသည်။ အစိမ်းရောင်မြက်ခင်းပြင်ပေါ်တွင် စားဖွယ်တို့ကို သုံးဆောင်နေကြသောလူသားများက ပြုံးရွှင်စွာ။ ကတ္ထီပါရောင်ကောင်းကင်ကြီးတွင် လတစ်စင်းထွန်းလင်းနေတာလည်း ညအချိန်ခါရဲ့ မရိုးနိုင်တဲ့အလှတရားတစ်ခုပါပဲ။

ဆိုင်အဝင်ဝတွင် လှည်းယာဉ်သဏ္ဌာန်လေးတွေ ချိတ်ဆွဲထားပြီး ကျေးလက်အငွေ့အသက်လေးတွေ အပြည့်ရတဲ့နေရာကလေး။ ရန်ကုန်မြို့ရှိ ဆိုင်ပေါင်းများစွာထဲကမှ သူတို့နှစ်ယောက်ရွေးလိုက်တာက ဒီမြန်မာရိုးရာစားသောက်ဆိုင်လေးကိုပါ။ သူတို့ဆိုတာ ဗမာစစ်စစ် စိုင်းရာဇာနဲ့ ကပြားလေး Ice ပေါ့။

ကိုကိုရောက်တာ ၄၊၅ရက်ရှိပြီပေမဲ့ Ice နဲ့သေသေချာချာကို မတွေ့ဖြစ်သေး။ ရုံးဖွင့်ရက်တွေ ဖြစ်သွားတာတစ်ကြောင်း၊ ကိုကိုကမအားတာတစ်ကြောင်းနဲ့ ခုလိုသောကြာနေ့ရုံးဆင်းမှပဲ တွေ့နိုင်ကြတော့၏။ ဒါတောင် ကိုကို ရုံးလာကြိုပေးလို့သာ။

"ဘယ်လိုလဲ ကိုကို၊ မြန်မာအစားအစာတွေ အလွမ်းပြေရဲ့လား"

Ice က ပြောလည်းပြောရင်း ပုစွန်နဲ့ချဉ်ပေါင်ရောကြော်ထားသည့် ချဉ်စပ်အရသာဟင်းလေးကို တရိုတသေ ထည့်ပေးသည်။ ပြီးမှ သူ့ဘေးက ဘူးသီးဟင်းရည်လေးကို မြည်းစမ်းလိုက်၏။

"ကျွန်တော်မျိုးက မြန်မာစာတွေ အဲ့လောက်လွမ်းစရာမလိုပါဘူးဗျာ။ ဟိုမှာလည်း မင်းရဲ့အန်တီမာလာက ချက်ကျွေးနေတာပဲဟာ။ အဲ .. ဒီမှာကတော့ ရာသီစာ ပေါ်ဦးပေါ်ဖျားလေးတွေ စားရတာပေါ့။ ဒီလို မဲဇလီဖူးသုပ်ဆို မစားရတာကြာပြီလေ"

Eyes On Me حيث تعيش القصص. اكتشف الآن