Part 39

19.1K 2K 421
                                    

<Unicode>

'ချစ်တယ်'မပြောတာ တကယ်မချစ်လို့ပေါ့။

'ချစ်တယ်'ပြောတိုင်းရော တကယ်ချစ်ကြလို့လား။

Insecurity


Star Hub ၏ဝန်ထမ်းများ နှစ်ကုန်ရက်နီးလာပြီဖြစ်၍ ကိုယ်စီအလုပ်ရှုပ်နေကြသည်။

နိုင်ငံခြားကုမ္ပဏီဖြစ်တာမို့ Foreigner ဝန်ထမ်းတွေ အိမ်ပြန်နိုင်ဖို့အတွက် ပိတ်ရက်ရှည်စီစဉ်ပေးရသည်။ ဒီတော့ အလုပ်တွေအားလုံးကို တစ်ပတ်၊ ဆယ်ရက်စာလောက် ရှေ့ရွှေ့လုပ်ဆောင်ကြရတော့၏။ ဒါဟာ သူတို့ကုမ္ပဏီရဲ့ ဒီဇင်ဘာထုံးစံပင်။

CEO တစ်ယောက်ဖြစ်သည့် Eric ကိုယ်တိုင်လည်း ဧည့်သည်တွေလက်ခံတွေ့လိုက်၊ မန်နေဂျာတွေရဲ့ သောင်းခြောက်ထောင်သော report တွေ စိစစ်ပေးလိုက်နှင့် မအားလပ်နိုင်။ ဆုံးဖြတ်ချက်တွေ ချပေးပြီး လိုအပ်တာတွေထောင့်စေ့နိုင်ဖို့ ဦးနှောက်ကိုအမြဲပူအောင် အလုပ်ပေးနေရသည်။

"နှစ်ကုန် Bonus ကိစ္စတွေကတော့ တစ်ယောက်ချင်း KPI (Key Performance Indicator) သေချာကြည့်ပေးလိုက်နော် မနွယ်။ မန်နေဂျာတွေကိုလည်း KPI ပြည့်မှီတဲ့ဝန်ထမ်းတွေစာရင်း တောင်းရဦးမယ်။ ကဲ .. သွားလုပ်လိုက်ဦး မနွယ်"

"ဟုတ်ပါပြီရှင် .. စင်္ကာပူမှာ ပျော်ရွှင်စရာပိတ်ရက်လေးတွေ ပိုင်ဆိုင်နိုင်ပါစေနော်"

ထိုစကားကြားတော့ Eric ခပ်ပြုံးပြုံးဖြစ်သွားသည်။ မနွယ်ဆိုတာ သူ့ထက်နှစ်နှစ်သာကြီးပြီး HR ကိစ္စနဲ့ပတ်သက်ရင်တော့ စိတ်ချရသည့်အစ်မကြီးပင်။ ကုမ္ပဏီရောက်တာချင်းလည်း သိပ်မကွာတော့ ပြောစရာဆိုစရာရှိရင် အားနာမနေရတော့။

"မနွယ်ရော ဘာပြန်ဆုတောင်းပေးရမလဲ။ အပျိုကြီးဘဝက မြန်မြန်ကျွတ်ပါစေဆိုရင် အဆင်ပြေမလား"

"မဟုတ်တာတွေ ပြောတော့မယ်"

မျက်စောင်းကလေးထိုးပြောတတ်တာ မြန်မာပြည်က အပျိုကြီးတွေထုံးစံပဲလားမသိ။ မျက်မှန်ကိုပင့်ကာ ဟန်မူရာကလည်း ပိုတတ်သေးသည်။

"Workplace romance policy ထုတ်ဖို့ဆက်မကြိုးစားရင် အဲ့ဒီဆုတောင်းကပြည့်လာမှာပါ"

Eyes On Me Where stories live. Discover now