Part 18

20.1K 2.3K 117
                                    

<Unicode>

အန္တရာယ်တစ်ခုခု ကြုံလာချိန်
အရင်ဆုံး ပြေးသတိရမိသူဟာ
ကိုယ် အချစ်ရဆုံးသူတဲ့။

အင်း .. Ice အတွက်တော့ အစ်ကိုပါပဲ။

အဆိုးထဲကအကောင်း


ညက သောက်ထားသည့်အရှိန်ကြောင့် Ice တစ်ယောက် ခေါင်းတွေထိုးကိုက်နေသည်။ အလုပ်ခရီးမို့ အဆောင်မှာ ကျန်မနေခဲ့ချင်၍သာ ရုံး လိုက်လာခဲ့ရသည်။ လူကတော့ ခပ်နုံးနုံးနှင့်။

"Ice!"

နေ့လည်စာ ပေါင်မုန့်လေးစားပြီးချိန် နားထင်လေး ပွတ်သပ်နေခိုက် Eric တို့ရောက်လာသည်။ အစည်းအဝေးပြီးတာလားမသိ၊ အစ်ကိုတော့ ပါမလာပါ။

"ဟုတ်"

"သက်သာရဲ့လား။ မရရင် ပြန်နားတော့၊ အဆောင်ဝင်ပို့ခဲ့မယ်။ အဲ့ဒီ list တွေက mail ပို့ခိုင်းလည်း ရတာပဲ။"

Eric က ဂရုတစိုက်ခေါ်သော်လည်း သူကပြန်မလိုက်ချင်၊ အစ်ကိုလည်း မပါတာမို့ နေခဲ့ချင်သည်။

"ကျွန်တော် အဆင်ပြေတယ်။ ခုက ဘယ်သွားကြမလို့လဲ။ အစ်ကိုလည်းမပါဘူး။"

"ဟန်သာက အလုပ်မပြီးသေးဘူး။ ငါတို့က ကိုယ်စားလှယ်ဆိုင်တွေ ပတ်ကြည့်ကြမှာ၊ လိုက်ခဲ့လေ.."

Eric သာမက ကိုသူရိန်ပါ ခေါ်သော်လည်း Ice မလိုက်ဖြစ်ခဲ့။ ဒါမို့ သူတို့ခမျာ ညနေမှ ပြန်လာကြိုမည်ဆိုပြီး လက်လျှော့သွားကြသည်။ Ice လည်း အစ်ကို အလုပ်ပြီးမှသာ အတူတူပြန်ချင်သည်။ သို့နှင့် တဆစ်ဆစ်ကိုက်နေသည့် နားထင်ကို အာရုံလွှဲရင်း အလုပ်ပြန်လုပ်နေခဲ့သည်။

ညနေ၆နာရီထိတိုင် အစ်ကိုဆင်းမလာတော့ Ice အပေါ်ထပ် တက်ကြည့်သည်။ ခပ်ဟိန်းဟိန်းနှင့် အစ်ကို့အသံကို အစည်းအဝေးခန်းအပြင်ကပင် ကြားနေရသည်။ မနက်ဖြန်ပြန်မှာမို့ ဒီနေ့အပြီးသတ်လုပ်နေကြရပုံပင်။

Ice မနှောင့်ယှက်ဖြစ်တော့ပါ။ သို့သော် သူ ဆေးထပ်သောက်ဖို့ လိုအပ်နေလေပြီ။ လူကလည်း နားနားနေနေ လဲလျောင်းချင်လာသည်။ တစ်နေကုန် အစားစားချင်စိတ်မရှိတော့ အစာအိမ်တွင် စားထားသည့်ပေါင်မုန့်လေးသာ ရှိသည်။

Eyes On Me Where stories live. Discover now