Part 1

137K 5K 445
                                    

<Unicode>

စိတ်ကူးတို့၊ အိပ်မက်တို့ဆိုတာ
ပိုက်ဆံပေးစရာမလိုတဲ့ မျှော်လင့်ရာလေးတွေပါ။

ကြိုးစားအားထုတ်မှုနဲ့
ကံကြမ္မာမျက်နှာသာပေးမှု ပေါင်းစပ်လာရင်
တကယ်ဖြစ်လာနိုင်တာပဲလေ .. ။

အိပ်မက်တို့၏နိဒါန်း

Singapore နိုင်ငံ၊ Changi လေဆိပ်တွင် လူအများ ပျားပန်းခတ် သွားလာလှုပ်ရှားနေကြသည်။ Luggage ကိုယ်စီနှင့် လိုရာခရီးကို သွားကြမည့်သူများကြားတွင် Ice တစ်ယောက်လည်း စိတ်လှုပ်ရှားကာ မြူးထူးနေလျက်။ တစ်ယောက်ယောက်များ ဘေးမှာပါလျှင် သူဘယ်လောက်ရင်ခုန်နေကြောင်းကို ပြောပြဖြစ်မည်ထင်သည်။

ဒီမြန်မာပြည် ခရီးစဉ်အတွက် သူ့စိတ်လှုပ်ရှားမှုက တော်ရုံတန်ရုံမဟုတ်ဘဲလေ ... ဘဝတစ်ခုလုံးစာ မျှော်လင့်ထားတာမို့ ရင်အစုံမှာ တလှပ်လှပ်နှင့်။

ရုံးကအထက်လူကြီးတွေ သူ့ကိုမြည်မာပြည် ရွှေ့ပြောင်းလို့ရပြီပြောတာနှင့် Ice က သွားဖို့လာဖို့စစီစဉ်တော့တာပင်။ အတူသွားရမည့်သူတွေကို ၃ရက်စောင့်ရမှာလည်း မစောင့်နိုင်တော့။ လူမှန်းသိတတ်စကတည်းက သွားချင်နေသည့်နိုင်ငံမို့ တစ်ယောက်တည်းကြိုထွက်လာခဲ့သည်။ ရွေးချယ်စရာ Airlines တွေအများကြီးထဲကတောင် သူ ရွေးထားတာက Myanmar Airways International (MAI) ပင်။ ဒီလောက်ထိ သူ မြန်မာအငွေ့အသက်ကို ခံစားချင်နေတာဖြစ်သည်။

လေယာဉ်ပေါ်အရောက် တွေ့ရသူတစ်ဝက်နီးပါးက မြန်မာစကားပြောနေကြတာကို Ice နားစွင့်ရင်း သိရသည်။ စိတ်ပဲကြည်လင်နေလို့လား ... ဖြတ်လျှောက်ကာ ဝန်ဆောင်မှုပေးနေကြသော လေယာဉ်မယ်လေးတွေကအစ အကြောက်လွန်နေသည့် ကလေးငယ်လေးအဆုံး အားလုံးက ချစ်ဖို့ကောင်းနေတာမလား။ ဗမာလူမျိုးမြင်ရလျှင်ကို သူ သိပ်ကျေနပ်နေတတ်တာပါပဲ။

ဒီလိုနှင့် ၃နာရီကြာမျှ စီးနှင်းလိုက်ပါလာခဲ့သော လေယာဉ်ကြီးမှာ မြန်မာပြည်မြေပြင်ပေါ်သို့ တဖြည်းဖြည်း ဆင်းသက်တော့မည်ဖြစ်၏။

လက်ဝဲဖက်ရှိ လေယာဉ်ဘေးမှန်အသေးလေးကိုဖွင့်ကြည့်တော့ ထူထဲနေသောတိမ်စိုင်များကို မြင်နေရလေပြီ။ ထိုတိမ်တိုက်တွေကြားမှ လှမ်းမြင်နေရသော မြန်မာပြည်မြင်ကွင်းကား သိပ်နွေးထွေးသလိုခံစားရ၏။ လေယာဉ်ကတသိမ့်သိမ့် အောက်စိုက်ဆင်းလာလေ ... စိမ်းညို့နေသောအုံ့စိုင်းစိုင်းသစ်ပင်တို့နှင့် အဆောက်အဦးတချို့ကို သဲသဲကွဲကွဲမြင်လာရလေပင်။

Eyes On Me Where stories live. Discover now