Part 49

17.8K 2K 204
                                    

<Unicode>

အမှတ်တရတိုင်းက ပိုးပဝါနဲ့ထုတ်ထားတဲ့ စံပယ်တွေလို အဆင်းလှပြီး ရနံ့သင်းနေတတ်တာမျိုးတော့ မဟုတ်ဘူးပေါ့ .. ။

မေ့ပျောက်ပစ်ချင်လောက်အောင် ဆွေးမြေ့ရတာ၊ နာကျင်ကြေကွဲရတာ အပြုံးချိုချိုတစ်ယောက်မှ သိပါစကွယ်။

ရှင်းတမ်း

📍Bangkok, Thailand

ပြတင်းဝကလှမ်းမြင်နေရသော ဘန်ကောက်မြို့ပြရှုခင်းမှာ ရောက်ခါစကလောက် လှပသည်မထင်တော့။ တစ်လလောက် နေ့နေ့ညညမြင်ခဲ့ရတာမို့ မြင်သားကျပြီး ရိုးသွားတာလည်းဖြစ်မည်။

သစ်ပင်ခပ်အုပ်အုပ်တို့၏ စိမ်းစိုမှုထက် အထပ်များစွာမြင့်သော မိုးမျှော်တိုက်ကြီးတွေကိုသာ ထိုးထိုးထောင်ထောင်နဲ့ နေ့စဉ်မြင်ခဲ့ရတာပင်။ ပြန်ခါနီးမို့ လွမ်းဆွေးတမ်းတတယ်ဆိုတာမျိုးလည်း စိတ်မှာမရှိလှပါပေ။

အဘယ့်ကြောင့်ဆို ဒေါ်ရှင်းသီရိနိုင်တစ်ယောက် မြန်မာပြည်ပြန်ချင်နေပြီပင်။ ပိုးသတ်ဆေးနံ့အမြဲရနေသော ဆေးရုံကနေလည်း အမြန်ထွက်ခွာချင်လေပြီ။ အရေးကြီးဆုံးက အချစ်ရဆုံးသားဖြစ်သူထံ အပြေးပြန်လိုက်ချင်ပြီပင်။ မနက်ဖြန်ဆိုရင်တော့ နေ့စဉ်အောင့်အီးနေထိုင်ခဲ့ရသမျှ ညီမနှစ်ယောက်စလုံး ရုန်းထွက်နိုင်ကြတော့မည်ဖြစ်သည်။

ညနေခင်းလေအေးတချို့ ပြတင်းဝကဝင်လာသည်။ ဒီတော့မှ အနွေးထည်လေးထုတ်ဝတ်လိုက်ဖို့ သတိရသွားမိ၏။ အနားမှာချိတ်ထားသော အဝါရောင်ဆွယ်တာလေးမှာလည်း နွေးထွေးမှုပေးဖို့ တမင်တကာစောင့်နေသယောင်။ ချိတ်ကဖြုတ်လို့ အသာယူဝတ်နေစဉ် အင်္ကျီ၏အဝါရောင်လွင့်လွင့်ကလေးကြောင့် တစ်စုံတစ်ယောက်ကို သတိရမိပြန်သည်။ အဝါရောင်ဆို သိပ်ကြိုက်တတ်သူမလား။ အထူးသဖြင့် ပိတောက်ခြောက်ရောင်လို အဝါမျိုးကိုနှစ်သက်တတ်သူပင်။

လွမ်းလိုက်တာကွယ် ..

အရင်အချိန်တွေသတိရမိသလို .. ပြောခဲ့ဖူးသည့်ဆန္ဒတချို့ကလည်း အခုထက်ထိတိုင် ရင်ထဲမှာဆွေးဆွေးမြေ့မြေ့။ သတိရလွန်းသည့်စိတ်နဲ့ မြန်မာပြည်မပြန်ခင်လေး အရင်လိပ်စာအတိုင်း သွားရှာကြည့်မိသေးသည်။ အိမ်ပိုင်ရှင်တွေတောင် အဆင့်ဆင့်ပြောင်းသွားကြလေပြီတဲ့။ ရက်စက်လိုက်ကြတာလို့ပြောရင် တစ်ဖက်သတ်ဆန်လွန်းရာ ကျနေမလားမသိ။ ဒါပေသိ ရက်စက်ခဲ့ကြတာတော့ အမှန်ပါပဲ။

Eyes On Me Where stories live. Discover now