Extra - 3

18.3K 1.3K 273
                                    

<Unicode>

ကမ်းငွေဆောင်
ဖြူသဲသောင် တစ်ပြင်လုံး
မွှေးပျံ့လို့ထုံး။

ပန်းမျိုးဝယ်
ဖြူပြာနှော တင့်တယ်တော့
ဧည့်တွေမယ် စီကာကုံး
ပြောလို့မဆုံး။

လက်ထပ်ထိမ်းမြှားခြင်း -

ငွေဆောင်၏ အနောက်ခြမ်းသဲသောင်ပြင်တွင် ခဲဖြူနှင့်အပြာနုရောင် အဝတ်စတချို့ လေအသွင်အတိုင်း ဝဲပါနေကြသည်မှာ တလွင့်လွင့်။ တိုင်လေးတိုင်နှင့် ထောင့်မှန်စတုဂံပုံသဏ္ဌာန် စိုက်ထားသောစင်အသေးလေးပေါ်တွင် ခဲရောင်ဖဲစခင်းထားသော စားပွဲလေးနှစ်လုံးက အစီအရီ။ ဟိုတယ်အထွက်မှသည် ထိုစင်လေးဆီသို့ သွားရာလျှောက်လမ်းတွင် နှင်းဆီဖြူတို့အား ခပ်မှုန်မှုန် ကျဲဖြန့်ထားလေသည်။ လျှောက်လမ်း၏ ဘေးတစ်ဖက်တစ်ချက်တွင်တွင် ဖဲစပတ်ထားသော ထိုင်ခုံလေးတွေ တည်ခင်းလို့ထားသည်။

ငါးနာရီလည်း ထိုးလုပြီမို့ ဧည့်ပရိတ်သတ်လည်း ဆုံလေပြီ။ မကြာခင် မင်္ဂလာအခမ်းအနားလည်း စတော့မည်။ ရန်ကုန်ကစ မြန်မာပြည်အနှံအပြားမှနေ မင်္ဂလာပွဲကို တကူးတကလာရောက်ချီးမြှင့်သူများမှာ ခဲရောင်၊ အပြာနုရောင် အဆင်ဒီဇိုင်းများနှင့် အလှဆုံးပြင်ဆင်ထားကြသည်။ ဓာတ်ပုံရိုက်သူကရိုက်၊ စကားပြောသူကပြောနှင့်။ တချို့မှာလည်း စက္ကူကတော့လေးထဲတွင် အသင့်ခြွေထားသော နှင်းဆီပွင့်ချပ်လေးတွေကို ဆောင်ယူနေသည်။ တချို့ကမူ မင်္ဂလာမောင်တို့အတွက် အမှတ်တရစာလွှာတွေ ရေးချန်ပေးနေကြလေရဲ့။

"သတို့သားတွေ ထွက်လာတော့မယ်ဟေ့"

ဝိုင်ခွက်ကို ဇွန်းနှင့်အသာခေါက်ရင်း အသိပေးလာသူက DGM ကိုထွန်းမင်းခန့်ပင်ဖြစ်သည်။ မိဘအသီးသီး၊ ဝန်ထမ်းအစုံအလင်နှင့် သတို့သားများ၏ ကိုယ်စီသူငယ်ချင်းတို့မယ် မတ်တပ်ရပ်ကာ ခေါင်းတထောင်ထောင်နှင့် စောင့်စားကြလေပြီ။ တရုတ်စကားပင် အနိမ့်လေးတွင် ချိတ်ဆွဲထားသော ကြင်သူတို့၏ဓာတ်ပုံတွေမှာဖြင့် လေယူရာအတိုင်း တလူလူခါယမ်းနေကြသည်။ ဟိုတယ်ကျောက်လှေကားအဆင်းက မြှားသဏ္ဌာန် သစ်သားဆိုင်းဘုတ်ကလေး နှစ်ခုတွင်ဆို သတို့သားနာမည်တွေ ရေးသွင်းထားလျက်။ ဤသည်ကဖြင့် ပန်းချီဆရာငနဲ၏ စုတ်ချက်တွေ။

Eyes On Me Where stories live. Discover now