ရတီမှူးပိုင်

9.5K 122 11
                                    

Unicode

"ကီရို ကီရို မပြေးနဲ့။ နေဦး.. ငါ့ကိုစောင့်ဦးလို့"

ညနေစောင်း လမ်းလျှောက်ထွက်ချိန်၌ ပန်းခြံထဲတွင် ရှေ့မှပြေးနေသော ရွှေရောင်အမွှေးပွခွေးပေါက်လေးကို နောက်မှ လိုက်ဖမ်းနေသော ပန်းရောင်ထီးဂါဝန်လေးနှင့် ကောင်မလေး။ ဂါဝန်ပန်းရောင်၊ ကြိုးသိုင်းဖိနပ်အမြင့်ပန်းရောင်လေးနှင့် ကလေးငယ်သည် ခေါင်းတွင်လည်း ဆံကုပ်ပန်းရောင်လေးနှင့်။ သူ့နောက်တွင်တော့ အသက် သုံးဆယ်ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးက ထိုက‌လေးငယ်၏ လှုပ်ရှားမှာများအား video recorder ဖြင့် မှတ်တမ်းတင်နေလေ၏။

"အေး ကီရို အဲဒါဆို ငါမခေါ်တော့ဘူးနော်"

"ကီရို ရပ်လို့"

"ကီရို ကီရို"

ကလေးငယ်က ပြေးလိုက်လေ ကီရိုက နောက်သို့ လှည့်ကြည့်လှည့်ကြည့်နှင့် ရှေ့ဆက်ပြေးလေ။

သို့သော် ကီရိုသည် လမ်းဘေးခုံတန်းလေးတွင် ထိုင်နေသော ကောင်လေးတစ်ယောက်၏ ခြေထောက်နားတွင် ရပ်တန့်သွားကာ ထိုကောင်လေး၏ခြေထောက်အား ခေါင်းဖြင့် ပွတ်သပ်နေလေ၏။ ကောင်လေးကလည်း ငုံ့ကြည့်ပြီးနောက် ကီရိုကို ကောက်ယူလိုက်၏။ ထို့နောက် ကီရို့အား ကြင်နာစွာ ပွတ်သပ်ပေးလေ၏။ ဇိမ်ခံချင်သော ကီရိုလေးကတော့ ထိုကောင်‌လေးလက်တွင်း၌ အကျေနပ်ကြီး ကျေနပ်နေတော့၏။ လိုက်ဖမ်းနေသော ကလေးငယ်လည်း ကီရို့အနား ရောက်လာလေ၏။

"ကီရို.. ဟူး.... မောလိုက်တာ"

ကီရို့ကို ‌ချီထားသူသည် ကလေးငယ်နှင့် မျက်နှာချင်းဆိုင် ထိုင်ချလိုက်၏။ ကီရို့ကို ပွတ်သပ်ပေးရင်း ကလေးငယ်ကိုပါ ပြုံးပြရှာ၏။

"ကီရို.. နင် အရမ်းဆိုး"

"ဒါ မီးမီးခွေးလေးလား"

"ဟုတ်တယ်။ ကီရိုက ထွက်ပြေးနေလို့ လိုက်ဖမ်းနေတာ"

"ဟုတ်ပါ့ မီးမီးလေး မောနေပြီ"

ကောင်လေးက ‌‌ကလေးငယ်၏ ခေါင်းလေးပေါ် လက်တင်ကာပြောတော့ ကလေးငယ်သည် သွား‌လေးစိကာ ရယ်ပြလာ၏။ ကိုယ်လေး ယိမ်းကာ ယမ်းကာဖြင့်လည်း ရှက်နေပုံရ‌သေး၏။ ထိုစဉ် အနားသို့ video recorder ကိုင်ထားသည့် အမျိုးသားတစ်ဦးရောက်လာပြီး ကလေးငယ်သည် ထိုလူအား မော့ကြည့်လေ၏။

မေတ္တာနွံWhere stories live. Discover now