6

1.2K 46 29
                                    

Unicode

ကြင်စဦးဇနီးမောင်နှံ၏ နေ့ရက်များမှာ ပုံသေကားချပ်သဖွယ် လည်ပတ်နေခဲ့သည်။ မနက်စောစောထ၍ လေ့ကျင့်ခန်းလုပ်သည်။ ဆရာဝန်သည် ဆေးရုံသို့သွားပြီး ကျောင်းသူသည် ကျောင်းသွားသည်။ ညတွင် မိသားစုစုံစုံလင်လင် ညစာစားကြသည်။ ထို့နောက် ကိုယ်စီ လုပ်စရာရှိသည်များလုပ်၍ အိပ်ရာဝင်ကြသည်။ အရာရာသည် စီစဉ်တကျရေးဆွဲထားသည့် ပရိုဂရမ်တစ်ခုသဖွယ်။

ယနေ့လည်း ညစာစားပြီးသည်နှင့် ထုံးစံအတိုင်း မှူးငယ်နှင့် ဇွဲသူရကိုက ပန်းကန်ဆေးသည်။ ထို့နောက် မိသားစုစုံစုံလင်လင် ဧည့်ခန်းတွင် ထိုင်ကာ တစ်နေ့တာ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များနှင့် ရယ်မောဖွယ် ဟာသလေးများကို ပြောဖြစ်ကြသည်။ မှူးငယ် ငယ်စဉ်ကအကြောင်းများကို ပြန်ပြောပြပြီး မှူးငယ်ကို စနောက်ကာ ရယ်ကြသည်။ ဆိုးတာလည်း ပါသည်။ လိမ္မာတာလည်း ပါသည်။ ချစ်စရာကောင်းတာလည်း ပါသည်။

"သမီးငယ်ငယ်က အစ်ကိုတွေနောက် လျှောက်လိုက်နေတာ။ သူ့ကိုကြီးကလည်း သူ့ညီမကို သွားလေရာခေါ်သွားတာ။ အဲဒီတုန်းက ရတုရယ်၊ ကောင်းကောင်းရယ် ဘယ်သွားသွား မှူးငယ်ပါတယ်။ အစ်ကိုတွေဆော့တာ အကုန်လိုက်ဆော့တာ။ နည်းနည်းကြီးမှ လျှောက်မလိုက်တော့ဘဲ သူ့ဘာသာသူနေတော့တာ"

"အဲဒါကြောင့် မှူးငယ် အပြေးသန်နေတာနေမှာ။ ကိုကြီးတို့ကိုမီအောင် လိုက်ရင်းနဲ့ သူတို့ပြေးလည်း လိုက်ပြေးနေရလို့ အပြေးသန်သွားတာ"

အန်တီက အဆော့သန်ကြောင်းပြောတော့ မှူးငယ်က အပြေးသန်ကြောင်း ဂုဏ်ယူဝံ့ကြွားစွာ ဆို၏။

"ကိုကိုသိလား.. မှူးငယ်က အပြေးပြိုင်တိုင်း အမြဲတမ်း ပထမရတယ်"

"ဟုတ်လား"

သူက အံ့ဩသလိုမေးတော့ အန်တီ့လက်ကိုချိတ်ကာ ထိုင်နေသူလေးက 'ဟုတ်တယ်' ဆိုကာ အားရပါးရ ခေါင်းညိတ်ပြ၏။

မှူးငယ် ငယ်စဉ်ကအကြောင်းများကို ဟိုရောက်သည်ရောက် ပြောကြပြီးနောက် ကိုယ့်အခန်းရှိရာ အသီးသီး တက်သွားကြသည်။

ဇွဲသူရကိုကတော့ ဖုန်းပြောရန် ခြံထဲပြန်ဆင်းသွားပြီး မှူးငယ်ကတော့ အခန်းထဲ တန်းဝင်သွားသည်။ ဇွဲသူရကို ဖုန်းပြောပြီး၍ ပြန်လာချိန်တွင် မှူးငယ်သည် တီဗီရှေ့တွင် စာကြည့်နေလေပြီ။

မေတ္တာနွံWhere stories live. Discover now