26

1.3K 58 56
                                    

Unicode

ဇွဲသူရကို ပန်းပင်များကို ရေလောင်းရန် ခြံထဲဆင်းလာတော့ ငွားငွားစွင့်စွင့် နှင်းဆီပွင့်လေးများက မွှေးရနံ့သင်းပျံ့စွာ ဆီးကြိုနှုတ်ဆက်၏။ နှင်းဆီဝါလေးများ၊ အဝါနှင့်ပန်းဆီ အရောင်စပ်လေးများ၊ ပန်းနုနှင့်အနီရဲ အရောင်စပ်လေးများ၊ ပန်းရောင်‌နှင်းဆီလေးများ။ မနေ့က ပွင့်လုဆဲဆဲ နှင်းဆီဖူးလေးများက ယနေ့တော့ လှလှပပ ပွင့်လန်းနေကြပြီ။

နှင်းဆီပွင့်လျှင် မှူးငယ်ပျော်သည်။ နှင်းဆီနံ့ကို မှူးငယ်ကြိုက်သည်။ နှင်းဆီပန်းကြိုက်သည့်ကောင်မလေးသည် ခြံထဲတွင် နှင်းဆီပင်များ စိုက်ထားသည်မှာ နှင်းဆီခင်းအသေးစားလေးနှင့်ပင် တူနေသေးသည်။ သို့တည်းမဟုတ် သူက မှူးငယ်အတွက် နှင်းဆီတစ်ခြံ ပျိုးပေးထားသည်ဟု ဆိုရမည်လား။

ဇွဲသူရကို ပန်းပင်များကို ရေမလောင်းသေးဘဲ အိမ်ထဲသို့ ပြန်ဝင်သွားလိုက်သည်။

"မှူးငယ်"

"ကိုကို ဘာလို့လဲ။ မှူးငယ်ဒီမှာ"

ဇွဲသူရကို မှူးငယ် မနက်စာပြင်နေသည့်နေရာသို့ သွားလိုက်သည်။

"မနေ့က နှင်းဆီဖူးလေးတွေ ပွင့်နေပြီ။ ဘုရားကပ်ချင်လားလို့"

ဝင်းပသွားသည့် မှူးငယ့်မျက်နှာလေးက သူမြင်ခဲ့ရသည့် နှင်းဆီပွင့်လေးနှင့်အပြိုင်။

"ဟုတ်လား။ ဘုရားကပ်မယ် ကိုကို"

ဇွဲသူရကို ကတ်ကြေးယူကာ အပြင်ထွက်လာတော့ မှူးငယ်ပါ ပုံးလေးဆွဲ၍ လိုက်လာသည်။

" ပန်းနုလေးတွေလည်း ပွင့်နေပြီ"

"ဟုတ်လား။ မှူးငယ်ကြည့်ဦးမယ်"

နှင်းဆီခင်းနားရောက်တော့ မှူးငယ်က မျက်လုံးလေးမှိတ်ကာ နှင်းဆီနံ့ကို တဝကြီး ရှုရှိုက်သည်။

"မွှေး....နေတာပဲ"

ထို့နောက် သူလိုချင်သည့်ပန်းပွင့်လေးများကို လက်ညှိုးထိုးပြပြီး ဇွဲသူရကိုက ကတ်ကြေးဖြင့် ဖြတ်ယူသည်။

မေတ္တာနွံWhere stories live. Discover now