29

1.6K 73 39
                                    

Unicode

"ရော့ မမ ဒီမှာကြည့်"

ဖုန်းကို မှူးငယ်ဆီထိုးပေးကာ ဓာတ်ပုံများ ပြလာသည့် သုသုစံ။ ကြည့်ရတာ ဒေါသတွေ အလိပ်လိပ်ထွက်နေပြီး လူသတ်ချင်စိတ်ကို ထိန်းထားရသည့်နှယ်။

"ပုံတွေက ဘာဖြစ်လို့လဲ"

တစ်ပုံချင်းကြည့်နေသည့် မှူးငယ်ကတော့ လေသံအေးအေးပင်။

"ကိုယ့်ယောက်ျား တခြားမိန်းမတစ်ယောက်နဲ့ အတူရှိနေတာ ဘယ်လိုမှ မခံစားရဘူးလား"

"ဘာကို ခံစားရမှာလဲ။ အသိမိတ်ဆွေတွေ တွေ့ကြတာပဲကို။ ယောက်ျားလေးနဲ့ မိန်းကလေး အသိမိတ်ဆွေချင်း နှစ်ယောက်တည်းကော်ဖီသောက်တာ ဘာဖြစ်လို့လဲ။ ငါတို့လည်း တစ်ခါတလေ ဒီလိုပဲ သွားကြလာကြတာ မဟုတ်ဘူးလား"

"အဲဒါ ဘရဏီနော် ရတီမှူးပိုင်။ ပေါ့ပျက်ပျက်လုပ်မနေနဲ့။ အဲဒါ နင့်လူရဲ့ ဘဝကြီးဖြစ်ခဲ့တဲ့မိန်းမ။ အခု အဲဒီခြံခုန်နွားက သွေးတိုးစမ်းနေတာ။ ဟိုတစ်ခါကတည်းက နင့်လူ မူမမှန်ဘူး မူမမှန်ဘူးနဲ့ ပြောနေတာကို ကိုကို့ကိုယုံတယ် ကိုကို့ကိုယုံတယ်နဲ့ လုပ်နေတာ။ ဟော.. ကြည့်၊ အခု ဟိုက လူမြင်ကွင်းတောင် မရှောင်တော့ဘူး၊ တွေ့နေကြပြီ"

"ရိုးရိုးသားသား တွေ့ကြတာပါဟာ။ မရိုးမသားသာဆိုရင် ဘယ်လိုလုပ် ဒီလို လူမြင်ကွင်းမှာ တွေ့ကြမှာလဲ။ ပြီးတော့ သူတို့တွေ့မယ်ဆိုတာ ကိုကိုက ငါ့ကို ကြိုပြောထားပြီးသား"

"ဩ.. ဒီတော့ ဘုရားအစ်မကြီးက သဘောထားကြီးကြီးနဲ့ ခွင့်ပြုပေးလိုက်တယ်ပေါ့လေ။ မှူးငယ်.. ငါ့သူငယ်ချင်းက ဘယ်တုန်းက ဒီလောက်တုံးသွားတာလဲ"

"ငါ ကိုကို့ကို ယုံတယ်ဟာ။ ကိုကိုက အိမ်ထောင်ရေးဖောက်ပြန်မယ့်ယောက်ျားမျိုး မဟုတ်ဘူး"

သုသုစံ မှူးငယ်ကို ခနဲ့ပြုံးလေး ပြုံးကြည့်လိုက်သည်။

"သေချာလို့လား။ တစ်ဖက်ကမိန်းမက ဘရဏီဖြစ်နေရင်တောင် နင့်လူက မဖောက်ပြန်ဘူးဆိုတာ ‌‌သေချာလား။ နင်ကိုယ်တိုင်ကရော တကယ်ရော ယုံကြည်လို့လား"

မှူးငယ် မျက်နှာ‌လေးကို အနည်းငယ် မော်ချီလိုက်ပြီး..

"ငါပေါင်းနေတဲ့ ငါ့ယောက်ျားအကြောင်းကို ငါအသိဆုံး။ ကိုကိုက အဲလိုလူမျိုး မဟုတ်ဘူး"

မေတ္တာနွံWhere stories live. Discover now