23

1.3K 55 42
                                    

Unicode

ဇွဲသူရကို အိမ်ပြန်ရောက်ချိန်တွင် မှူးငယ်သည် ငါးဖယ်ကြော်ရန် ပြင်ဆင်နေသည်။ ကိုကိုသည် အပြင်ကဝယ်သည့် ငါးဖယ်ကြော်ထက် မှူးငယ်ကြော်ပေးသည့် ငါးဖယ်ကြော်ကို ပိုကြိုက်သည်။

ဇွဲသူရကို အဝတ်အစားလဲပြီး ပြန်ဆင်းလာချိန်တွင် မှူးငယ်က သူ့အတွက် ရေတစ်ခွက်ထည့်ပေးထားပြီး စားပွဲပေါ် တင်ထားပေးပြီးသားဖြစ်သည်။ ဇွဲသူရကို စားပွဲတွင် ဝင်ထိုင်ပြီး ရေသောက်လိုက်သည်။ ရေခဲရေအေးအေးကို မကြိုက်သည့် သူ့အတွက် မှူးငယ်က အနေတော်‌ရေအေးအေးလေးရအောင် ရောစပ်ပေးထားသည်။

"ဒီနေ့ ဈေးထဲရောက်လို့ ငါးဖယ်ဝယ်လာတယ်"

"အင်း ကောင်းသားပဲ။ ညစာ ဘာချက်ထားသေးလဲ။ ထွက်ဝယ်ကြဦးမလား"

တစ်ခါတလေ ညစာကို သူပြန်လာမှ နှစ်ယောက်အတူထွက်ဝယ်သည့် နေ့များလည်း ရှိ၍ မေးလိုက်ခြင်းဖြစ်သည်။ ညစာစားခါနီးမှ မှူးငယ့်စိတ်ထဲ တစ်ခုခုစားချင်လာလျှင်လည်း နှစ်ယောက်အတူ ထွက်ဝယ်ကြသည်။

"မဝယ်တော့ဘူး။ ကြက်ပင်စိမ်းနဲ့ ဟင်းချိုရယ် အရွက်သုပ်ရယ်ရှိတယ်။ ကိုကိုကြိုက်တဲ့ ငါးသေးသေးလေးတွေလည်း ကြော်ထားတယ်။ ကိုကို ဘာစားချင်သေးလို့လဲ"

"မစားချင်ပါဘူး။ မှူးငယ်စားချင်တာရှိရင် ဝယ်ရအောင်လို့"

"ဒါဆို မဝယ်တော့ဘူး။ မနက်ဖြန်မှ Diamond သွားတော့မယ်"

Diamond Center ဆိုသည်မှာ မြန်မာနိုင်ငံရှိ မြို့ကြီး၊ မြို့ငယ်များအနှံ့ ဖွင့်လှစ်ထားပြီး မှူးငယ် ဈေးဝယ်ရတာကြိုက်သည့် စင်တာတစ်ခုဖြစ်သည်။

ညစာစားပြီးနောက် ပန်းကန်ဆေးသည့်အလုပ်ကို ဇွဲသူရကိုက တာဝန်ယူလိုက်သည်။ မှူးငယ်က သူစားရန်အတွက် ချက်ပြုတ်ပေးသည်။ စားသောက်ထားသည့်ပန်းကန်များကိုတော့ သူက ဆေးကြောပေးရမည်။

"ကိုကို.. ထောပတ်သီး ဖျော်ပေးရဦးမလား။ ထောပတ်သီးလည်း ဝယ်ခဲ့တယ်"

"ကောင်းတာပေါ့"

ဇွဲသူရကိုက ဆေးထားသည့်ပန်းကန်များကို ရေသုတ်ပြီး စင်ပေါ်သို့ နေရာတကျ ပြန်တင်နေချိန် မှူးငယ်ကတော့ ထောပတ်သီးအနှစ်ကို ခွက်ထဲ ခြစ်ထည့်နေသည်။ ကိုကိုက ထောပတ်သီးကို စက်ဖျော်ထက် လက်ဖျော်ကို ပိုကြိုက်သည်။

မေတ္တာနွံWhere stories live. Discover now