12

1.1K 49 35
                                    

Unicode

"ကိုကို ပြန်လာပြီလား။ မှူးငယ် ကားသံတောင်မကြားလိုက်ဘူး"

ဆေးရုံမှပြန်လာသည့် ဇွဲသူရကိုအား နှုတ်ဆက်လိုက်သည့်မှူးငယ်။ ဇွဲသူရကို မှူးငယ်ရှိရာ မီးဖိုချောင်သို့ ဝင်သွားလိုက်တော့ အေပရွန်လေးဝတ်ထားသည့်ကောင်မလေးက ဟင်းမြည်းနေသည်။ ဆံပင်ကို ပိုနီတေးလေးစည်းထားပြီး ပန်းရောင်ဂါဝန်လေးဝတ်ထားသည်။

‌ဇွဲသူရကို ရေခဲသေတ္တာကို ဖွင့်ကြည့်လိုက်တော့ အထဲတွင် သစ်သီးဖျော်ရည်သုံးမျိုးလောက် တွေ့ရသည်။ အားလုံးက မှူးငယ်ကိုယ်တိုင် အသီးအစစ်မှ ဖျော်ထားသည့် ဖျော်ရည်များဖြစ်သည်။ သူကတော့ ရေဘူးယူ၍သာ ရေသောက်လိုက်သည်။

"ကိုကို ဒီမှာ ဒါစားကြည့်"

ရေဘူးပြန်ပိတ်နေသည့်သူ့ကို မုန့်အနည်းငယ်ပေးလာသည့်မှူးငယ်။

"မှူးငယ်ကိုယ်တိုင်လုပ်ထားတာ။ ချောကလက်ကွတ်ကီး"

ဇွဲသူရကို တစ်ခုယူ၍ စားလိုက်သည်။ ကွတ်ကီးက လျှာပေါ်ရောက်သည်နှင့် နူးညံ့စွာ အရည်ပျော်သွားသည်။ အယ်လ်မွန်စေ့လေးများပါသည့် ချောကလက်အယ်လ်မွန်ကွတ်ကီး။ ချိုလည်း မချိုလွန်း၊ ခါးလည်း မခါးလွန်း။ ချောကလက်နံ့သင်းသင်း‌လေးနှင့် အရသာက ခါးသက်သက်လေး။

ထို့နောက် သူ့အဖြေကို မျှော်လင့်တကြီး စောင့်စားနေသည့် မျက်ဝန်းပိုင်ရှင်လေးအား လက်မထောင်ပြလိုက်သည်။ သို့သော် သူ နောက်တစ်ခုထပ်ယူရန်ပြင်စဉ် ပျော်ရွှင်သွားသည့်ကောင်မလေးသည် ကွတ်ကီးဘူးကို ပြန်ပိတ်လိုက်လေပြီ။ သူလည်း ရှက်ရှက်နှင့် နားထင်ကို လက်မထောက်တာ မျက်ခုံးကို လက်ညှိုးနှင့်ပွတ်ရင်း မီးဖိုချောင်ထဲမှ ထွက်ခဲ့လိုက်သည်။

တစ်နေ့တစ်နေ့ မှူးငယ်တွင် ကိစ္စများမြောင် ပေါများလွန်းလှသည်။ မုန့်ပဲသရေစာမျိုးစုံကိုလည်း စိတ်ကူးရတိုင်း လုပ်တတ်သည်။ ရံဖန်ရံခါ ဇွဲသူရကိုနှင့်အပြိုင် အလုပ်ရှုပ်နေတတ်သည်။ ယခုလည်း အဝတ်အစားများကို မီးပူတိုက်ပြီးသည်နှင့် ချည်လုံးတစ်လုံး အပ်တစ်ချောင်းနှင့် အင်္ကျီထိုးရင်း အလုပ်ရှုပ်နေပြန်ပြီ။

မေတ္တာနွံWhere stories live. Discover now