28

1.5K 71 36
                                    

Unicode

~~~ အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲ သိတဲ့နောက် ~~

~~ ဖြစ်သမျှဟာ အကောင်းပဲပေါ့ ~~

~~ မင်းရင်ခွင်နဲ့
ခွဲခွာနေဖို့ မရဲပါဘူး~~

~~ အနားနားမှာ အမြဲရှိပါရစေ ~~~

အခန်းထဲတွင် သီချင်းလေးညည်းရင်း မီးပူတိုက်နေသည့် မှူးငယ်။ နောက်ဆုံးဂါဝန်တစ်ထည်ကို တိုက်ပြီး ဂါဝန်ပုံပေါ်တွင် ထပ်တင်လိုက်သည်။ ထို့နောက် မီးပူကို ပလပ်ဖြုတ်လိုက်သည်။

ထို့နောက် မီးပူတိုက်ထားသည့် အဝတ်ပုံများထဲမှ ကိုကို့အဝတ်အစားများကို အလျင်ယူလိုက်ပြီး ဗီရိုထဲ ထည့်လိုက်သည်။

"အမလေး ပြုတ်ကျတော့မယ်"

အင်္ကျီများကို အပေါ်နှင့်အောက် သေချာသပ်သပ်ရပ်ရပ် စီပေးနေစဉ် ထွက်ကျလာသည့် ကတ္တီပါဘူးလေးတစ်ဘူး။ ငွေရောင်အနားသတ်လေးနှင့် အနီရောင်ကတ္တီပါဘူးလေးမှာ ရိုးရှင်းခန့်ညားကာ အထက်တန်းဆန်သည့် ခံစားချက်မျိုး ပေးနေသည်။ ကတ္တီပါဘူးကို ဖွင့်လိုက်သည်နှင့် ထွက်ပေါ်လာသည်က ဆင်တူလက်စွပ်လေးနှစ်ကွင်း။

မှူးငယ် လက်စွပ်လေးတစ်ကွင်းကို ထုတ်ကြည့်လိုက်သည်။ တလက်လက်ဖြစ်နေသည့် စိန်ပွင့်လေးက ချစ်စရာကောင်းလွန်းသည်။ စိန်လက်စွပ်လေးက လှလွန်းသဖြင့် မှူးငယ်တစ်ယောက် မျက်ရည်များပင် စီးကျလာရသည်။ သဘောကျလွန်း၍ ရယ်လိုက်သော်လည်း မျက်ရည်များကြောင့် ရယ်သံတို့က အပြင်သို့ ထွက်မလာနိုင်ခဲ့ရှာ။ ရင်ဘတ်ထဲက နာကျင်မှုက လူကို ပျော့ခွေသွားစေကာ မှူးငယ်တစ်ယောက် ကြမ်းပြင်ပေါ် အရုပ်ကြိုးပျက် ထိုင်ကျသွားရသည်။

သည်ဘူးကို မှူးငယ် တစ်ခါမြင်ဖူးသည်။ သို့သော် မမြင်ချင်ယောင်ဆောင်ကာ မူလနေရာတွင် ခြေရာလက်ရာမပျက် ပြန်ထားခဲ့သည်။ ယခု ဘူးက အပြင်ရောက်နေသည်ဆိုတော့...။

မှူးငယ် ကြောက်လိုက်တာ ကိုကိုရယ်။

ဒီဘူးကိုတောင် ထုတ်ကြည့်ထားတယ်ဆိုတော့...။

မှူးငယ် ကြောက်တယ်။

ကိုကို မှူးငယ်ကို ထားသွားမှာ ကြောက်တယ်။

မေတ္တာနွံWhere stories live. Discover now