17

1K 55 23
                                    

Unicode

ညနေ ကျောင်းဆင်းချိန်တွင် အားကစားကွင်းထဲသွားကာ လက်ဆင့်ကမ်းအ‌ပြေးပြိုင်ခဲ့သော ကျေးဇူးနှင့် မှူးငယ်တစ်ယောက် စောစောအိပ်ရာဝင်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ ညစာစား၊ ဘုရားရှိခိုးပြီးသည်နှင့် အိပ်လိုက်သည်မှာ ကိုကို ဘယ်အချိန် အိပ်ရာဝင်သည်ကိုပင် မသိလိုက်ပါ။ သို့သော် အာရုံမတက်မီတွင် နားထဲကြား‌နေရသည့် တဟင်းဟင်းညည်းသံများကြောင့် မှူးငယ် နိုးလာရသည်။

ညည်းသံသည် ကိုကို့ဆီမှဖြစ်သောကြောင့် မီးဖွင့်၍ ကိုယ်ကို ကိုင်းကြည့်လိုက်သည်။ ဇွဲသူရကိုသည် ညည်းနေရုံမက ပါးစပ်မှလည်း တစ်စုံတစ်ခုကို ဗလုံးဗထွေးရေရွတ်နေသေးသည်။ မှူးငယ် ဇွဲသူရကို၏နဖူးကို စမ်းကြည့်လိုက်သည်။ ဖျားနေပြီ။ တစ်ကိုယ်လုံးတုန်ယင်နေပြီး မျက်နှာတစ်ခုလုံးလည်း အဖျားရှိန်ကြောင့် နီရဲနေသည်။ ဗလုံးဗထွေးရေရွတ်နေသူ၏ နှုတ်ခမ်းနားသို့ကပ်၍ အသံကို သေသေချာချာ နားထောင်ကြည့်သော်ငြား သဲသဲကွဲကွဲ မကြားရချေ။

ပထမဦးစွာ တစ်ကိုယ်လုံး ချွေးစေးများနှင့် နစ်နေသူကို အဝတ်အစား လဲပေးရန် ပြင်လိုက်သည်။ ဗီရိုထဲမှ ဇွဲသူရကို၏ အဝတ်အစားတစ်စုံကို ထုတ်လိုက်သည်။ ထို့နောက် အင်္ကျီလဲပေးရန် မှူးငယ့်လက်များကို ဇွဲသူရကို၏ အင်္ကျီကြယ်သီးများဆီသို့ ဦးတည်လိုက်သည်။

ပထမဆုံးကြယ်သီးကိုဖြုတ်ရန် မှူးငယ့်လက်များ တုန်ယင်နေခဲ့သည်။ သို့သော် အင်္ကျီကတော့ လဲပေးမှဖြစ်မည်ဖြစ်၍ ကြိုးစား၍ အင်္ကျီကြယ်သီးများကို တစ်လုံးပြီးတစ်လုံး ဖြုတ်လိုက်သည်။

ပေါ်လာသည့် ရင်ဘတ်ဖြူဖြူဖွေးနှင့် အဆီပိုမရှိ ချပ်ရပ်နေသော ဝမ်းဗိုက်သားတို့က မှူးငယ့်မျက်နှာလေးကို ဖျားနေသူနှင့်အပြိုင် နီသွေးရဲစေ၏။ ဇွဲသူရကို၏ အသားနှင့် ထိမိတိုင်း မှူးငယ်တစ်ယောက် ဓာတ်လိုက်သွားသကဲ့သို့ ခံစားရ၏။ လည်ချောင်းများ ခြောက်သွေ့လာပြီး ခန္ဓာကိုယ်အပူချိန်လည်း မြင့်လာခဲ့ရာ သူပါ အဖျားကူးပြီဟုပင် ထင်ရလောက်သည်။

အင်္ကျီပြန်ဝတ်ပေးရန် နောက်ကျောအောက် လက်လျှိုလိုက်ချိန်တွင် မှူးငယ့်လက်ချောင်း‌လေးများသည် နူးညံ့သည့်အသားအရေနှင့် ထိတွေ့ခွင့်ရပြန်၏။ ယောက်ျားလေးဖြစ်သော်ငြား ကိုကို့အသားအရေသည် နူးညံ့လွန်းသည်။ ကိုကို အသားအရေကောင်းကြောင်းသိသော်လည်း ထိုမျှ နူးညံ့အိစက်နေလိမ့်မည်ဟု မှူးငယ်မထင်ခဲ့မိ။

မေတ္တာနွံWhere stories live. Discover now