4

1.3K 54 28
                                    

Unicode

"မှူးငယ်"

အပြင်ပြန်ထွက်ရန် ပြန်လှည့်လိုက်သူကို ခေါ်လိုက်တော့ မှူးငယ်က ချက်ချင်းရပ်တန့်သွားပြီး သူ့ကို ပြန်လှည့်ကြည့်လာသည်။ သူ ဘာမှမပြောဘဲ ဆက်ကြည့်နေတော့ မှူးငယ်ဘက်က အသံလေးထွက်လာ၏။

"ကိုကို ပြီးပြီထင်လို့"

သူ နားမလည်ဟန်ပြလိုက်တော့...

"မှူးငယ်က ကိုကို ရေချိုးပြီးပြီထင်လို့"

ထိုသို့ပြောပြီး အခန်းပြင် ပြေးထွက်သွားပြန်သည်။

မှူးငယ်ထွက်သွားသည်နှင့် ဇွဲသူရကို ညအိပ်ဝတ်စုံကိုယူပြီး ရေချိုးခန်းဝင်လိုက်သည်။ ဘေစင်တွင် သွားတိုက်တံ အပြာတစ်ချောင်း၊ ပန်းရောင်တစ်ချောင်းရှိနေပြီး အပြာရောင်ကိုယူ၍ သွားတိုက်လိုက်သည်။ ထို့နောက် ရေပန်းအောက်ဝင်ရပ်လိုက်ပြီး နံရံကို လက်နှစ်ဖက်ထောက်ကာ ကျလာသည့် မပူလွန်းမအေးလွန်းသည့် ရေခပ်နွေးနွေးကို ခံယူလိုက်သည်။

ဆယ်စုနှစ်တစ်ခုစာ အိပ်မက်တွေက ရေပန်းမှကျလာသည့် ရေတွေလိုပင်။ သူ့ဘဝ၏ အစိတ်အပိုင်းတိုင်းတွင် ခြေရာချန်ခဲ့ပြီး သူတို့ကိုယ်တိုင်ကတော့ သူနှင့်ဝေးရာ ထွက်သွားလေပြီ။ နောက်တစ်ကြိမ် ပြန်မလာနိုင်တော့ပြီ။

တကယ်ဆို ဒီညက သူနဲ့မရဲ့ အပျော်ရွှင်ရဆုံးညဖြစ်နေရမှာ။ သူ့လက်ကိုတွဲပြီး မင်္ဂလာခန်းမထဲ လှမ်းဝင်ခဲ့သူက သူအချစ်ရဆုံးမ ဖြစ်နေရမှာ။ အခုတော့ မနဲ့အတူ စိတ်ကူးယဉ်ခဲ့တဲ့အိပ်မက်တွေက 'ဘယ်တော့မှ' ဆိုတဲ့ မဖြစ်နိုင်ခြင်းတွေဆီမှာ။

ကံကြမ္မာက ရယ်ချင်စရာကောင်းအောင် မျက်လှည့်ဆန်လွန်းသည်။ သူတန်ဖိုးအထားရဆုံးနှင့် အမြတ်နိုးရဆုံးလူကို သူ့ဘဝထဲက ဆွဲထုတ်သွားသည်။ သူ့အတွက် အရေးပါဆုံးနှင့် အမျှော်လင့်ခဲ့ရဆုံး အိပ်မက်လေးကို ဖျက်ဆီးသွားပြီး သူ တစ်ခါမျှ စိတ်ကူးယဉ်မကြည့်ခဲ့ဖူးသည့်အရာတွေကို သူ့ထံ ပေးအပ်ခဲ့သည်။ သူ့ဘဝကို မှော်ဆန်ဆန် မွှေနှောက်ပစ်ခဲ့သည်။

ရေတွေက သုတ်လိုက်လို့ ပြောင်သွားသော်လည်း အိပ်မက်တွေကတော့ နှလုံးသားထဲမှာ ကျန်ရှိနေဆဲ။ နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာတွင် တိတ်ဆိတ်စွာ ပြိုလဲနေကြဆဲ။ စိတ်ကူးနဲ့ရူးခဲ့ရခြင်းတွေက လူမသိသူမသိ ချောင်ပိတ်ခံနေရဆဲ။

မေတ္တာနွံWhere stories live. Discover now