16

1.1K 53 50
                                    

Unicode

"မှူးငယ်ကတော့ ငယ်ငယ်ကတည်းက ကစားကွင်းတွေ ပန်းခြံတွေ အများကြီးရောက်ဖူးတယ်"

"ဟုတ်လား"

"မှူးငယ်,ငယ်ငယ်က ကိုကြီးရယ်၊ ကိုကြီးကောင်းကောင်းရယ်၊ မှူးငယ်ရယ် အမြဲတတွဲတွဲနေတာ။ တစ်ခါတလေကျရင်တော့ မှူးငယ်ရဲ့သူငယ်ချင်းပါတယ်။ သူက ကိုကြီးတို့နဲ့ သိပ်မပေါင်းဘူး။ မှူးငယ်နဲ့ပဲ ပါင်းတာ။ ဒါပေမဲ့ အခုတော့ ဒီမှာမရှိတော့ပါဘူး။ တစ်မိသားစုလုံး နိုင်ငံခြားပြောင်းသွားပြီ။ မှူးငယ်တို့ခေါင်းရင်းခြံကတိုက်က သူတို့တိုက်လေ"

ဇွဲသူရကို မှူးငယ်ပြောပြသည့် မှူးငယ်၏ ငယ်ဘဝအကြောင်းကို နားထောင်ပေးနေသည်။

"ကျောင်းပိတ်ရက်တွေဆို လူကြီးတွေက ကစားကွင်းတို့ ပန်းခြံတို့ လိုက်ပို့ကြတယ်။ ခရီးတွေလည်း ထွက်တယ်။ ညနေဆိုလည်း လမ်းလျှောက်ထွက်ကြတယ်။ ကိုကိုတို့ရပ်ကွက်က ပန်းခြံလေးတောင် ငယ်ငယ်က ရောက်ဖူးသေးတယ်။ အဲဒီတုန်းက ကီရိုလည်း ပါတယ်"

"ဟုတ်လား။ ဒါဆို မှူးငယ်,ငယ်ငယ်က အဲဒီပန်းခြံ ရောက်ဖူးတယ်ပေါ့"

ဇွဲသူရကိုက အံ့ဩဟန်နှင့်မေးတော့ မှူးငယ်က ကျေနပ်ဂုဏ်ယူစွာ ပြန်ဖြေ၏။ ကီရို့နာမည်ပါလာ၍ စိုးရိမ်မိသော်လည်း မှူးငယ်က ဘာထူးခြားမှုမှမပြ။

"ဗီဒီယိုရိုက်ထားတာတောင် ရှိသေးတယ်"

ကိုကို စိတ်ဝင်စားသည်၊ စိတ်မဝင်စားသည် မသိသော်လည်း မှူးငယ်ကတော့ ကိုကို့ကို မှူးငယ့်အကြောင်း ပြောပြချင်သည်။ ကိုကို့အကြောင်းကိုလည်း မှူးငယ် ပိုသိချင်သည်။ သို့သော် ကိုကိုကတော့ သူ့အကြောင်းကို တစ်စိတ်တစ်ဒေသမျှ မှူးငယ်ကို မပြောပြခဲ့ပါ။ နားထောင်သူ သက်သက်သာ လုပ်နေသည်။

ဇွဲသူရကို လက်ကိုမြှောက်၍ နာရီကြည့်လိုက်သည်။

"နေ့လယ်စာစားချိန် ကျော်နေပြီ"

"မှူးငယ်က ပျော်နေတာနဲ့ စားဖို့တောင် မေ့နေပြီ။ ဗိုက်လည်း မဆာဘူး။ ကိုကို ဘာစားချင်လဲ။ ဘယ်မှာစားကြမလဲ"

မေတ္တာနွံWhere stories live. Discover now