8

1.1K 45 18
                                    

Unicode

"မှူးငယ်.. ကိုယ်တို့ အိမ်ပြောင်းနေရအောင်"

ညစာမစားမီ နှစ်ယောက်သား အခန်းထဲရှိနေစဉ် ဒန်းပေါ်တွင် စာအုပ်တစ်အုပ်၊ ခဲတံတစ်ချောင်းနှင့် အလုပ်ရှုပ်နေသော မှူးငယ်‌ကို ပြောလာသည့် ဇွဲသူရကို။

"ကိုကို မှူးငယ်တို့အိမ်မှာနေရတာ မပျော်လို့လား"

မပျော်ရုံတင်မဟုတ်။ အနေရခက်သည်။ စိတ်ကျဉ်းကြပ်သည်။ အဆိုးဆုံးက ပျော်ရွှင်နေသည့်မိသားစုကြား ဟန်ဆောင်နေရသည်က ပင်ပန်းသည်။ သူ့အတွက် ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်နေရာ လိုအပ်သည်။

"အရင်က မှူးငယ်စာမေးပွဲဖြေပြီးအောင် စောင့်နေတာလေ။ အခုတော့ မှူးငယ်စာမေးပွဲဖြေပြီးပြီဆိုတော့ ပြောင်းကြရအောင်။ ကိုယ်တို့အခန်းကို မှူးငယ်အခန်းနဲ့ တစ်ပုံစံတည်းမဟုတ်ပေမဲ့ မှူးငယ်အတွက် အဆင်ပြေအောင် ပြင်ဆင်ထားပြီးပြီ"

"ဒါဆို မေမေတို့နဲ့ ခွဲရတော့မှာပေါ့"

မှူးငယ် တီဗီရှေ့မှဆိုဖာပေါ် သွားထိုင်လိုက်သည်။ ဇွဲသူရကို မှူးငယ်နောက်လိုက်သွားကာ မှူးငယ်ရှေ့ ထိုင်ချလိုက်သည်။ ထို့နောက် ‌မှူးငယ့်လက်လေးကို ဆွဲယူကာ သူ့လက်ဖဝါးကြီးကြီးနှစ်ဖက်နှင့် အုပ်ကိုင်လိုက်ပြီး...

"အိမ်ထောင်ရယ်လို့ကျသွားရင် မိဘနဲ့ခွဲနေရမှာ ထုံးစံပဲလေ။ ကိုယ့်အိုးကိုယ့်အိမ် ထူထောင်ကြတဲ့အခါ မိဘဆီမှာပဲ မှီခိုနေလို့ မဖြစ်ဘူး။ အခု မှူးငယ်က ကိုယ့်ဇနီးဖြစ်နေပြီ။ ကိုယ့်နောက် လိုက်ခဲ့ပါ"

ကိုကို မှူးငယ့်လက်ကို ဆုပ်ကိုင်လိုက်စဉ်ကတည်းက ရင်ခုန်သံတွေက ကမောက်ကမ ဖြစ်နေပြီ။ ကိုကို့လက်သန်းကြွယ်က လက်ထပ်လက်စွပ်လေးကြောင့် ရင်ခုန်သံတွေ ပိုမြန်လာရသည်။ ကိုကို့နှုတ်ခမ်းများမှ ထွက်ကျလာသည့် 'ကိုယ့်ဇနီး' ဆိုသည့်စကားတွင် ကိုကို့ဆန္ဒအားလုံးကို လိုက်လျောဖို့ အသင့်ဖြစ်နေခဲ့ပြီ။ သို့သော် မိသားစုနှင့်ခွဲရမည်၊ သည်အိမ်မှ ထွက်သွားရမည်ကိုတော့ မှူးငယ်ဝမ်းနည်းသည်။ မှူးငယ် ငိုချင်သည်။ ကိုကိုစိတ်မကောင်းဖြစ်မည်စိုး၍ မငိုမိအောင် တင်းထားသည့်ကြားမှ မျက်ရည်တို့က ငွေ့ရည်ဖွဲ့ဖြစ်အောင် ဖွဲ့လာကြသေးသည်။

မေတ္တာနွံWhere stories live. Discover now