7

1.1K 51 23
                                    

Unicode

မြန်မာစာနေ့တွင် အချိန်ပြည့်ထိုင်ရသော်လည်း မေဂျာနေ့များတွင်တော့ လက်ရေးဆက်မှူးငယ်သည် အချိန်တစ်ဝက်နှင့်ပင် အားလုံးပြီးအောင်ဖြေနိုင်သည်။ အချိန်တစ်ဝက်ခေါင်းလောင်းထိုးသည်နှင့် ချက်ချင်းထထွက်လျှင် မကောင်းတတ်၍ ခေတ္တထိုင်နေရသည်။ ထိုင်နေချိန်အတွင်း မှားယွင်းဖြေဆိုမိသည်များက စိတ်ထဲတွင် ပေါ်လာတတ်သည်။ ထိုအခါ အမှန်ပြန်ပြင်လိုက်သည်။ ဆယ့်တစ်နာရီဆယ့်ငါးမိနစ်လောက်တွင် အဖြေလွှာအပ်ခဲ့သည်။ လေးယောက်လုံး တစ်ခန်းတည်းအတူဖြေရသည်ကြောင့် တစ်ယောက်ထွက်သွားသည်နှင့် ကျန်သုံးယောက်ပါ ရှေ့ဆင့်နောက်ဆင့် အဖြေလွှာအပ်ကြသည်။

"ဟဲ့ မှူးငယ်.. နင့်လူကြီးက ဒီနေ့တော့ လာကြိုမှာဟုတ်ရဲ့လား"

စာမေးပွဲခန်းထဲမှထွက်ထွက်ချင်း မေးလာသည့် သုသုစံ။ မှူးငယ် ကိုကို့အကြောင်း စပြောကတည်းက သုသုစံက ဇွဲသူရကို,ကို 'နင့်လူကြီး'၊ 'နင့်ကိုကို' ဟူ၍ နာမ်စားသုံးတတ်သည်။

"ဟုတ်ပါတယ်၊ သေချာပေါက် လာကြိုမယ်လို့ပြောထားတာ"

ဖြေသာ ဖြေရသည်။ ကိုကို ဒီနေ့လည်း ထပ်မမေ့ပါစေနဲ့ဟု ရင်ထဲတွင် ကြိတ်ကာ ဆုတောင်းနေရသည်။ မှူးငယ် ကိုကို့ကို ယုံချင်ပါသည်။ မှူးငယ် ထပ်ပြီး ဝမ်းမနည်းချင်တော့ပါ။

"မှူးငယ်"

သစ်ပင်ရိပ်အောက်မှ ခေါ်သံက မှူးငယ်အတွက် စမ်းကျရေပမာ။ လက်တစ်ဖက်‌မြှောက်ပြကာ ခေါ်လိုက်သည့်လူသားလေးကြောင့် မှူးငယ်စိုးရိမ်နေသမျှ လွင့်စင် ပျောက်ကွယ်သွားရပြီ။ စိုးတထိတ်ထိတ်ပူပန်မှုများက တိမ်လိုလေလိုပမာ။ ကိုကို့ခေါ်သံနောက် ပျံ့လွင့်ပျောက်ကွယ်သွားလေပြီ။

"ကိုကို"

မှူးငယ် ကိုကို့ဆီ‌ ပြေးသွားရင်း သုသုစံကိုလည်း ပြန်ပြောလိုက်သည်။

"တွေ့လား။ ကိုကိုက လာမှာပါဆို"

အနားရောက်သည်နှင့် ကိုကိုက မှူးငယ့်လက်ထဲမှ ဘောပင်အိတ်ကို လှမ်းယူရင်း...

"ဖြေနိုင်လား"

"‌ဟုတ် ဖြေနိုင်တယ်။ အကုန်ဖြေခဲ့တယ်"

မေတ္တာနွံWhere stories live. Discover now