20

1.3K 64 23
                                    

Unicode

တစ်ညနေလုံးရွာနေသည့်မိုးသည် ညစာစားချိန်တွင်တော့ တိတ်သွားလေပြီ။ ရာသီဥတုအေးအေးနှင့် မှူးငယ့်လက်ရာ ဟင်းရည်ပူပူလေးကို သောက်ပြီး ဇွဲသူရကိုလည်း စောင်ထဲဝင်ကွေးနေလေပြီ။ မှူးငယ်သည်လည်း စောင်ထဲဝင်ကာ ဖုန်းနှင့် ဇာတ်လမ်းကြည့်နေသည်။ စိတ်ကူးယဥ်ဆန်ဆန် အချစ်ဇာတ်လမ်းလေးပင်။

"ကိုကို.. အတူတူကြည့်မလား"

ထို့နောက် နှစ်ယောက်သား ထိုင်လိုက်ကြပြီး ဖုန်းကို ဇွဲသူရကိုကကိုင်၍ ဇာတ်လမ်းအတူတူကြည့်နေကြသည်မှာ မှူးငယ့်ခေါင်းလေးပင် ဇွဲသူရကို၏ပခုံးထက် မှေးစက်သွား‌လေပြီ။

"အိပ်ရင် အိပ်တော့လေ မှူးငယ်။ ပိတ်လိုက်တော့မယ်"

"အင်း မှူးငယ် အိပ်တော့မယ်။ Good night"

"Good night။ မီးပိတ်လိုက်တော့မယ်နော်"

"ဟုတ်"

မိုးနတ်မင်းသည် ပြောင်းလဲခြင်းတွင် မပြောင်းမလဲ သစ္စာရှိနေဆဲပင်။ ယခု မိုးရွာလိုက်၊ ယခု မိုးတိတ်လိုက်၊ ယခု မိုးပြန်ရွာလိုက်။ အမှန်ပင် အပြင်တွင် မိုးရွာနေလေပြီ။ မိုးခြိမ်းသံကြောင့် မှူးငယ်တစ်ယောက် ဇွဲသူရကို့ဘက် ပြေးကပ်သွားရသည်။ အဆက်မပြတ် ထစ်ချုန်းနေသည့် မိုးခြိမ်းသံနှင့် ပိုမိုသည်းထန်လာသော မိုးသံတို့က မှူးငယ့်ခေါင်းလေးကို ဇွဲသူရကို၏ကျောပြင်မှ မခွာနိုင်အောင် တွန်းပို့နေကြတော့သည်။

"ကိုကိုသာဖက်ပေးထားရင် ကောင်းမှာကို"

မှူးငယ်၏ တီးတိုးရေရွတ်သံကို ဇွဲသူရကိုကတော့ ကြားနိုင်လိမ့်မည်မထင်။ မိုးခြိမ်းသံရပ်သွားသော်လည်း မှူးငယ်ကတော့ ဇွဲသူရကို၏ကျောပြင်ကို နဖူးလေးအပ်ထားဆဲပင်။ ဇာတ်လမ်းကြည့်စဉ်ကတည်းက မှူးငယ်အိပ်ချင်နေသည်မဟုတ်။ ကိုကို့ပခုံးထက် မှီတွယ်လို၍သာ တမင်သက်သက် ခေါင်းတင်လိုက်ခြင်းပင်။

ကိုကို ဘယ်တော့မှ သူ့စိတ်ကိုမြင်နိုင်မှာလဲ မှူးငယ် မစဉ်းစားတတ်တော့ပါ။ ကိုကို့အတွက် မှူးငယ်ကို လက်ထပ်ခဲ့သည်မှာ မှူးငယ်၏ အရှက်နှင့်သိက္ခာအတွက်ဖြစ်သော်လည်း မှူးငယ် ကိုကို့ကို လက်ထပ်ခဲ့သည်ကတော့ ချစ်သည့်စိတ်တစ်ခုတည်းနှင့် ဖြစ်သည်။ ကိုကိုထင်သလို ကိုကို့ကို ကယ်တင်လို၍ မဟုတ်။ မှူးငယ်ကိုယ်တိုင်က ကိုကို့ကို သိပ်ချစ်သောကြောင့်ပင်။

မေတ္တာနွံWhere stories live. Discover now