24

1.1K 49 16
                                    

Unicode

ဇွဲသူရကို ဆေးရုံမှ ပြန်ရောက်၍ အိမ်ထဲဝင်လိုက်သည်နှင့် မျက်နှာတွင် အပြုံးပန်းဝေနေသည့် မှူးငယ်ကို တွေ့လိုက်ရသည်။ လက်ထဲတွင်လည်း ပိုက်ဆံအိတ်လေးတစ်လုံး ကိုင်ထားပြီး ထိုအိတ်‌လေးကိုပင် ကွေးညွတ်‌နေသော မျက်ဝန်းများနှင့် အမြတ်တနိုး ကြည့်နေပြီး တယုတယလည်း ပွတ်သပ်ကြည့်နေသေးသည်။ နောက်တစ်နာရီလောက်ကြာလျှင် မှူးငယ့်လက်ချက်နှင့် အိတ်အသစ်လေး ပါးသွားမည်ပင် စိုးရိမ်ရသည်။

"ပွတ်လွန်းလို့ အိတ်လည်း ပါးသွားဦးမယ်"

"ဟီး"

ဝင်ဝင်ချင်း သူ,စလိုက်တော့ မှူးငယ်က ရှက်ရှက်နှင့် ရယ်ပြလာသည်။

"ကိုကို ရေချိုးပြီး ဆင်းခဲ့တော့။ မှူးငယ်က အားလုံးအဆင်သင့်ဖြစ်ပြီ"

ယနေ့ မှူငယ့်မိဘများကို သွားကန်တော့ကြမည်။ ကန်တော့ပစ္စည်းများကို စားပွဲပေါ်တွင် အဆင်သင့် ပြင်ထားပြီးပြီ။ မနေ့ညကတည်းက မှူးငယ်နှင့်သူ အတူတူပြင်ဆင်ခဲ့ကြသည်။ ဈေးဝယ်စင်တာမှ အသင့်ပြင်ဆင်ထားသည့် ကန်တော့ခြင်းများကို မဝယ်ဘဲ ကိုယ်တိုင်ပြင်ဆင်ချင်ပါသည်ဆိုသော မှူးငယ့်ဆန္ဒကို ဖြည့်ဆည်းကာ မှူးငယ်လိုချင်သည့်ပစ္စည်းများကို တစ်ခုချင်း လိုက်ဝယ်ခဲ့သည်။ ထို့နောက် ခြင်းအလွတ်များဝယ်ကာ ကန်တော့ခြင်းများကို နှစ်ယောက်အတူ ပြင်ဆင်ခဲ့ကြသည်။

ဘိုး၊ ဖေဖေနှင့်မေမေကို ကန်တော့,တော့ သုံးယောက်လုံးက ဆုအသီးသီးပေးကြပြီး မုန့်ဖိုးလည်း ပြန်ပေးကြသည်။ မနက်ဖြန်တွင် ဇွဲသူရကို၏ မိဘများကို ကန်တော့ရန် သွားကြမည်ဖြစ်သောကြောင့် မှူးငယ့်မေမေက ဇွဲသူရကို၏ မိဘများအတွက်လည်း လက်ဆောင်ထည့်ပေးလိုက်သည်။

မှူးငယ်၏ဘကြီးနှင့် ဒေါက်တာရတုမှူးပိုင်ကိုလည်း သွားရောက်ကန်တော့ကြသည်။ ယခင်နှစ်များက ဘိုး၊ ဘဘကြီး၊ ဖေဖေနှင့်မေမေကို မောင်နှမနှစ်ယောက် အတူကန်တော့နေကျဖြစ်သော်လည်း ယခုနှစ်မှစ၍ မှူးငယ်သည် ဇွဲသူရကိုနှင့် အတူထိုင်၍ ကန်တော့ရတော့မည်။ လူပျိုကြီးကတော့ အဖော်မဲ့နေရှာပြီ။

မေတ္တာနွံWhere stories live. Discover now