Chapter 16

5.1K 634 6
                                    

Zawgyi

အခန်း (၁၆)
ငါးကြီးနဂါးအမွှေးနံ့သာ

မနက်ခင်းအာရုဏ်ဦးတွင် ရွှယ့်တုန်ထင်းသည် ရင်းနှီးသောရနံ့တစ်ခုကို ရလိုက်သည်။ သူမ မျက်လုံးကို ဆက်ခနဲဖွင့်လိုက်၏။

ထိုအချိန်တွင် စုန့်ယွီမင်သည် အိပ်ယာထဲတွင် ရှိမနေပါချေ။ အိပ်ခန်းထဲတွင် နံ့သာတိုင်များက ကွေးကောက်သွားကာ လျင်မြန်စွာလောင်ကျွမ်းနေပြီး အခန်းတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

သူမ မျက်ခုံးတို့ တွန့်ချိုးသွားသည်။ သည်ရနံ့က အလွန်ကို ရင်းနှီးနေ၏။ ရိုးရှင်းသန့်စင်သော မွှေးရနံ့က သူမ၏အိပ်မက်ထိပါ ပျံ့လွင့်နေသည်။ အအေးဓာတ်ကို အံတု၍ အိပ်ယာမှထကာ နံ့သာမွှေးတင်ထားသည့် စားပွဲဆီသို့ လျှောက်သွားလိုက်သည်။

သူမ၏ လက်ကို ဆန့်ကာ နံ့သာခိုးငွေ့များဆီတင်လိုက်တော့ အခိုးအငွေ့များက သူမလက်ချောင်းလေးများဆီ ဝိုက်၍ လွင့်လာသည်။ သူမ တစ်ခုခုကို သတိရမိသွားသောအခါ ထိတ်လန့်စွာဖြင့် နောက်သို့အမြန်ဆုတ်ကာ နံ့သာအိုးကို ရိုက်ချလိုက်သည်။

ခြံဝင်းထဲတွင် ရှိနေသော စုန့်ယွီမင်က အသံကိုကြားလိုက်ပြီး အိပ်ခန်းထဲသို့ တံခါးကိုတွန်းဖွင့်ကာ ဝင်လာသည်။ သူမ နံ့သာပေါင်းအိုးကို ငေးစိုက်ကြည့်နေသည်ကို မြင်တော့ သူ သူမဆီသို့ အပြေးသွားကာ မေးလိုက်သည်။ "တုန်ထင်း၊ ဘာများဖြစ်လို့လဲ"

သူမ မီးခိုးငွေ့များကိုကြည့်ကာ စုန့်ယွီမင်ကို မေးလိုက်၏။ "ရှင်ရှင့်မှာ အဲ့တာ ဘယ်လိုရှိလာတာလဲ" သူမ၏အသံက တုန်ခါလို့နေသည်။

ဤနံ့သာမွှေးကို သူမ သိပါသည်။ သူမ အရင်ဘဝက မင်းသားသုံး၏ အိမ်တွင်ရှိစဉ်က ကြားဖူးခြင်းပင်။ ထို့ပြင် သည်ငါးကြီးနဂါးနံ့သာမွှေးသည် အလွန်ပင် ဈေးကြီးလေ၏။

ပင်လယ်တွင်း၌ နဂါးအိပ်ပျော်စဉ် နဂါးပါးစပ်အနီးမှ အန်ဖတ်ကိုယူ၍ သည်နံ့သာကို ထုတ်လုပ်ထားသည်ဟု တင်စားကြသည်။ နဂါးနံ့သာမွှေးကို 'ပင်လယ်၏ရွှေစင်' ဟုလည်း လူသိများ၏။

တော်ဝင်မိသားစုကသာ ဤနံ့သာမွှေးကို ဝယ်ရန်တတ်နိုင်သည်။ မင်းသားသုံးက ဤအမွှေးနံ့သာကို အလွန်ပင် နှစ်ခြိုက်ပြီး ရတနာတစ်ခုကဲ့သို့ တန်ဖိုးထားသည်။

❄︎Completed❄︎နှင်းပွင့်လေးများလှပါစေ(ဘာသာပြန်)Where stories live. Discover now