seok jin သူ့ကို သိသိသာသာ ရှောင်နေခဲ့တာ ရက်အတော်ကြာနေခဲ့ပြီ ။
ကျောင်းသွားချိန်ဆိုလည်း အလုပ်သွားတဲ့
အန်တီလေးကားနဲ့ပဲ လိုက်သွားလေ့ရှိသည် ။ကျောင်းမှာဆိုလည်း သူနဲ့ထိုင်နေကျ နေရာမှာ
မထိုင်တော့ ။ သူနဲ့ ဝေးတဲ့ နေရာတစ်ခုခုမှာ
တစ်ယောက်ထဲ သွားထိုင်တတ်သည် ။အဆိုးဆုံးက အတန်းပျက်ချိန် များလာခြင်း ။
နောက်ဆုံးနှစ်ရောက်ပြီမို့ စာတွေက အရေးကြီးသည်လေ ။စာလုပ်ဖို့ အတန်းတက်ဖို့ ပြောချင်ပေမဲ့
လူကို မြင်တိုင်း မသိခဲ့ဖူးသလို အချိုးတွေနဲ့
seok jin ကြောင့် သူ့ဘက်ကလည်း
မသိသလိုပဲ နေလိုက်သည် ။seok jin နဲ့ ဝေးကွာသွား၍ ဟာတာတာဖြစ်တိုင်း
BC major ကိုပဲ သွားကာ စိတ်ဖြေဖျောက်ရသည် ။seok jin ကသာ အခုထိ တစ်ယောက်ထဲပေမဲ့
သူက ကျောင်းမှာလည်း jo jo ရှိကာ ၊
အိမ်မှာလည်း jo jo ရှိသည်မို့ အထီးကျန်
မနေခဲ့ ။jo jo နဲ့ တွဲနေပြီဖြစ်ကြောင်းကိုလည်း ဒယ်ဒီနဲ့
မာမီလေးတို့ကို ဖွင့်ပြောထားပြီးပြီ ။ဒယ်ဒီကတော့ သိပ်ပြီး မျက်နှာမကောင်းပေမဲ့
သူ့ဘက်က တကယ် ချစ်မှန်းသိနေတော့
ကောင်းသည် ၊ ဆိုးသည် ဘာတစ်ခုမှ မပြော ။မာမီလေးကတော့ အတိုင်းထပ်လွန်စွာ ပျော်ရွှင်နေခဲ့တော့သည် ။
သူ့ဘ၀သည် seok jin မရှိတော့တာကလွဲရင်
အရာအားလုံး အဆင်ပြေနေခဲ့သည် ။▪️▪️▪️▪️▪️
" jinnie .. နင်နဲ့လည်း ငါစိတ်ညစ်ပါတယ် "
စာမေးပွဲအတွက် စာကျက်ဝိုင်းတက်နေသည့်
သူဟာ ည8နာရီတွင် အိမ်ပြန်ခဲ့သည် ။အိမ်ထဲသို့ မ၀င်ခင် ကြားလိုက်ရသည်က
seok jin တို့ အိမ်ဆီမှ အန်တီလေးရဲ့
စကားသံတွေ ။ တစ်ဆက်ထဲ seok jin ကို ရိုက်ပုတ်နေတဲ့အသံတွေ ။ဘာတွေများ ဖြစ်နေကြတာလဲ ။ ဆက်ပြီး
နားထောင်နေမိတော့ မကြားရတာကြာပြီ
ဖြစ်တဲ့ seok jin အသံလေးကိုပါ ကြားလိုက်
ရသည် ။