(Unicode)
ပုလဲဖြူရောင် သုတ်ထားသော အခန်းကျယ်ကြီးထဲတွင် ရှင်းမိသားစုဝင်များ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေကြသည်။ အခန်းနံရံမှာ ချိတ်ဆွဲထားတဲ့ လူ့တစ်ရပ်စာ ပန်းချီကားချပ်ကြီးရယ်၊ ကျွန်းသစ်တစ်မျိုးတည်းကိုသာ အသုံးပြုထားတဲ့ ပရိဘောဂများရယ်၊ လက်ရာမြောက် ယွန်းထည်အသုံးအဆောင်များရယ်နဲ့ ခန်းလုံးပြည့် ခင်းကျင်းထားတဲ့ ရွှေရောင်ကောဇောကြီးရယ်ကြောင့် ထိုနေရာသည် သာမာန်ဧည့်ခန်းနဲ့တောင်မတူ။ ခမ်းနားထည်ဝါမှုက မှင်သက်ငေးမောရလောက်သည်။
"ဘွားဘွား..၊ အစ်ကိုခန့်ညားတို့ ရောက်ပါပြီရှင့်"
"ခေါ်ခဲ့လိုက်"
"ဟုတ်ကဲ့"
နံ့သာရောင် မြန်မာထည်ကို ဆင်တူဝတ်ဆင်ထားတဲ့ မိန်းကလေးနှစ်ဦး ထွက်သွားအပြီးမှာတော့ ထိုဧည့်ခန်းကြီးထဲမှာ အပ်ချသံတောင် မကြားရ။ မိသားစုရဲ့ ဥသျှောင်ဖြစ်သူ ပြောလာမယ့်စကားကိုသာ အသံတိတ်နားစွင့်နေကြသည်။
"ခန့်ညားက သူ့ကောင်လေးကို အိမ်ခေါ်လာပြီပေါ့"
"ဟုတ်ပါတယ် အမေ၊ ရုတ်တရက် ခေါ်ချလာတာပါ"
"ဒီကောင်လေးကတော့၊ တကယ်မပြောမဆိုနဲ့၊ သူ့ကိုယ်သူ ရှင်းမိသားစုကမှန်းရော မှတ်မိသေးရဲ့လား"
စိတ်တိုနေဟန်ရှိတဲ့အသံကြောင့် ဘယ်သူမှ ခွန်းတုံ့မပြန်ရဲကြ။ ကြီးသူကို ရိုသေ၊ ကြီးသူကို လေးစား၊ ကြီးသူစကားကို မြေဝယ်မကျနားထောင်ခြင်းက ရှင်းမိသားစုရဲ့ အစဉ်အလာပင်။ လူတကာ ပါးစပ်ဖျားမှာ နာမည်ကြီးသည်၊ ရှင်းမိသားစုက သိုသိုဝှက်ဝှက်နေတတ်သလို စည်းကမ်းတကျရှိကြသည်တဲ့။ ချမ်းသာသလောက် ထုတ်ပြမတတ်တာကိုက ရှင်းမိသားစုကို လူစိတ်ဝင်စားခံရတဲ့ အကြောင်းတစ်ခုဖြစ်နေသည်။
ရှင်းမိသားစုက ဘယ်သူတွေလဲလို့ မေးမယ်ဆိုရင် တအိမ်လုံး ထိပ်ခေါင် ဘွားဘွားကြီး ဒေါ်ရှင်းမယ်က စပြောရလိမ့်မည်။ သားဖြစ်သူ ဦးရန်ရှင်းကို ပိုင်ဆိုင်မှုရော၊ လုပ်ပိုင်ခွင့်ပါ လွှဲပြောင်းပြီးဖြစ်သော်လည်း ဒေါ်ရှင်းမယ်မှာ တချိန်က အရှိန်အဝါမကုန်ခမ်းသေး။ ရှင်းမိသားစုထဲ အရေးအကြောင်းဟေ့ဆိုရင် ဒေါ်ရှင်းမယ်ကို အရင်ဦးထိပ်တင်ပြီးမှသာ ဖြေရှင်းလေ့ရှိကြသည်။
YOU ARE READING
6.မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း/ မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း (Completed)
Romanceဆွေမျိုးအပေါင်း သူတော်ကောင်းတို့ရေ...၊ မောင်ကြီး ကြားအောင်ပြောချင်စမ်းပါဘိ၊ နည်းလမ်းထွေလီ စွယ်စုံသုံး၍၊ ဤဆွေမောင်နည်းကို သိမ်းယူခဲ့ရ၏။ ဆွေမောင်နည်း ဆွေမောင်နည်း... ချစ်သောယောကျာ်း ဆွေမောင်နည်း၊ ဒီကြွားခန်းဝင်ဖို့ သောတဆင်ကြတော့၊ ကမ္ဘာတခွင် ရာဇဝင်...