(Unicode)
"ဟယ်လို ဒဲ နင် ထွက်လာနေပြီလား"
"စော ငါ နည်းနည်းနောက်ကျမယ်ထင်တယ်"
ဒဲ ဒီနေ့ သူငယ်ချင်းတွေဆီ သွားရမည်။ ရန်ကုန်ရောက်တာသာ တစ်ပတ်ရှိနေပြီ၊ သူငယ်ချင်းတွေကို မျက်နှာတောင် မမြင်ရသေး။ နဂိုအတိုင်းဆို သူတို့နဲ့သာ အတူရှိနေမှာ ဖြစ်ပေမဲ့ အခုတော့ ဒဲက သူ့ရဲ့တိုက်ခန်းမှာ..။
"ဘာလဲ၊ အိမ်ရှင်က မလွှတ်တာလား၊ ဒဲ နင်က သူ့အလုပ်သမား မဟုတ်ဘူးနော်၊ မနေချင်ရင် တစ်ခါတည်း ထွက်လာခဲ့"
"အဲ့လို မဟုတ်ပါဘူး၊ ကိုရှင်းခန့်ညားက သဘောကောင်းပါတယ်"
ဒဲကို စိတ်ရင်းနဲ့ ကူညီနေသူဖြစ်တာမို့ ကိုရှင်းခန့်ညားကို စောနဲ့တက်တိုးတို့ရဲ့ အထင်လွဲခြင်းကို မခံစေချင်။ အပြင်မသွားခိုင်းဘဲ တိုက်ခန်းထဲမှာ စောင့်နေခိုင်းတာ အမှန်ဖြစ်ပေမဲ့ ကိုရှင်းခန့်ညားမှာ ကိစ္စတစ်ခုခုရှိနေမှန်း ဒဲ ခံစားမိနေသည်။
"အိမ်ရှင်က ယောကျာ်းလေး မို့လို့သာပေါ့၊ မိန်းကလေးသာဆိုရင် နင့်ပုံစံက အိမ်ထောင်သည်လား အောက်မေ့ရမှာ ဒဲ"
"အဲ့လိုမဟုတ်ပါဘူး၊ ငါ ထွက်လာမှ ဖုန်းဆက်လိုက်မယ်"
"ပြီးရော"
စောနဲ့ တက်တိုးက ဒဲ ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းနှစ်ယောက်။ ဆယ်တန်း အတူတက်ခဲ့ကြပြီး ဒဲ တစ်ယောက်သာ ကျွန်းကို ပြန်လာခဲ့သည်။ စောတို့ မောင်နှမ နှစ်ယောက်က ရန်ကုန်မှာ အလုပ်လုပ်ပြီး မွေးရပ်ဒေသ မိတ်လုံကျွန်းကို အချိန်ရမှသာ လာကြတော့သည်။ ဒဲလည်း သူတို့လို စွန့်စားချင်ပေမဲ့ ကျွန်းမှာ တစ်ယောက်တည်းကျန်ခဲ့တဲ့ အဘကို စိတ်မချ။ အခုတောင် အဘ နေထိုင်ရတာ အဆင်ပြေရဲ့လားမသိ။
"ဒဲ..၊ ခရီးဝေးသွားရင် စိတ်အာရုံမပြန့်လွင့်နဲ့၊ ဘယ်နေရာ ရောက်ရောက် အရိုးသားဆုံး ဖြစ်နေပါစေ"
"ဟုတ်ကဲ့ အဘ"
"ကမာရော ပါပြီလား"
"ဟုတ် ပါပြီ"
သင်္ဘောပေါ် မတက်ခင်မှာ ဒါးရမ်းမျိုးနွယ်ရဲ့ ကိုယ်ပိုင် သင်္ကေတဖြစ်တဲ့ ဆေးရောင်ခြယ် ကမာခွံလေးကို ဒဲ ဘူးလေးထဲမှာ ထည့်ကာ ကိုယ်နဲ့တစ်ပါတည်းယူလာခဲ့ရသည်။ ဒါးရမ်းမျိုးနွယ်စုဝင် တစ်ယောက်အနေနဲ့ ဒီကမာခွံလေးသည် ဘဝမှာ အရေးကြီးဆုံးအရာတစ်ခု..။ မျိုးနွယ်အယူအရ ဒါးရမ်းအဖြစ်နဲ့ မွေးဖွားလာသူတိုင်း ကိုယ်ပိုင်အမှတ်အသားနဲ့ ကမာခွံကို ကိုင်ဆောင်ထားရသည်။ အချိန်တန် အရွယ်ရောက်လို့ ချစ်သူရှိလာပြီဆိုတာနဲ့ ဒီပစ္စည်းရဲ့ အရေးပါမှုက စတင်သည်။ အထူးသဖြင့် ထိုသူနဲ့ ထာဝရစာ လက်တွဲတော့မယ် ဆိုရင်ပေါ့။
YOU ARE READING
6.မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း/ မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း (Completed)
Romanceဆွေမျိုးအပေါင်း သူတော်ကောင်းတို့ရေ...၊ မောင်ကြီး ကြားအောင်ပြောချင်စမ်းပါဘိ၊ နည်းလမ်းထွေလီ စွယ်စုံသုံး၍၊ ဤဆွေမောင်နည်းကို သိမ်းယူခဲ့ရ၏။ ဆွေမောင်နည်း ဆွေမောင်နည်း... ချစ်သောယောကျာ်း ဆွေမောင်နည်း၊ ဒီကြွားခန်းဝင်ဖို့ သောတဆင်ကြတော့၊ ကမ္ဘာတခွင် ရာဇဝင်...