(Unicode)
ရှင်းအိမ်တော်မှ ဆင်းလာခဲ့ပြီးသကာလ အရင်ဆုံး ဦးတည်ရသောနေရာမှာ ရှင်းခန့်ညား ဝယ်ထားသည့် ကွန်ဒိုတိုက်ခန်းဖြစ်သည်။ ကိုယ်တိုင်ဝယ်ထားသည့် ရှယ်ယာတစ်စုမှလွဲ၍ မိဘပစ္စည်း ဘာတစ်ခုမှ မယူဟု ကြွေးကျော်ထားသည်နှင့်အညီ ချစ်ခင်ပွန်း ဒဲ၏ လက်ကိုသာ ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ကာ အဝတ်တစ်ထည်ကိုယ်တစ်ခုစီဖြင့် ထွက်လာခဲ့ကြသည်။ တက္ကစီကား တံခါးကို ဖွင့်လိုက်သည်နှင့် ရှင်းခန့်ညား ရင်ထဲမှာအောင့်ကနဲ..။ ရွှေပေါ်မြတင် ထားချင်သည့် အချစ်ကလေးကို ဆူးခင်းလမ်းဆီ ခေါ်လာခဲ့ရပြီ...။
"ဒဲပါ.. ကိုယ် တောင်းပန်ပါတယ်၊ ကိုယ့်ဒေါသကြောင့် မင်းကိုပါ ဒီလိုဒုက္ခရောက်အောင် ဆွဲခေါ်လာမိပြီ"
"ကိုရှင်းခန့်ညား.. ကျွန်တော်ကသာ တောင်းပန်ရမှာပါ၊ ကိုရှင်းခန့်ညား စိုးရိမ်တဲ့ကိစ္စကို အတတ်မစမ်းခဲ့သင့်ဘူး၊ ပြီးတော့ ကျွန်တော်က ကိုရှင်းခန့်ညားသွားတဲ့ ဘယ်နေရာမှာမဆို လိုက်မှာပါ"
ထိုစကားကြောင့် ရှင်းခန့်ညား မပြုံးဘဲမနေနိုင်။ ပတ်တီးစီးထားသည့် လက်ကလေးကို ဆွဲကာ ခပ်ဖွဖွအနမ်းပေးမိသည်။
"ချစ်ဆုံးလေး နာနေသေးလားဟင်"
"မနာတော့ဘူး၊ အဲ့တာကြောင့် ယောကျာ်း စိတ်မဆိုးနဲ့တော့နော်၊ မောနေမှာစိုးတယ်"
"ကိုယ် စိတ်မဆိုးတော့ပါဘူး အသဲလေးရယ်၊ ကိုယ်တို့နှစ်ယောက် ဘဝသစ်စကြမယ်နော်"
"ဟုတ်"
စည်းစိမ်ဥစ္စာတွေကို ကျောခိုင်းခဲ့ရာမှာ နောက်ဆံတင်းစရာ လားလားမျှမရှိ။ ထိုအရာများသည် ဘိုးဘွားမိဘများ ရှာဖွေထားသော အရာများဖြစ်ကာ မိမိတို့က အသီးအပွင့်ကိုသာ ခူးစားနေခြင်း ဖြစ်ကြောင်း ရှင်းခန့်ညား အစောကြီးကတည်းက နားလည်ထားသည်။ ထို့ကြောင့်ပဲ မိမိ ဝါသနာပါရာလမ်းကို လျှောက်လှမ်းဖို့ ရွေးချယ်ခဲ့သော်လည်း ထိုစည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရမည့် ဝတ္တရားကို အပ်နှင်းခံလိုက်ရကာ ပိုက်ဆံနောက်ကိုသာ လိုက်ခဲ့ရသည်။ ထိုသူဌေးသားဘဝတွင် ရှင်းခန့်ညားမောင် လုပ်ခဲ့ဖူးသော စိတ်အပါဆုံးနှင့် အမှန်ကန်ဆုံးအရာတစ်ခုမှာ ဒဲပါလေးကို လက်ထပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ဒဲ မရှိပါက ထိုဘဝကြီးက ပိတ်လှောင်မွန်းကြပ်နေမည်မှာ အသေအချာပင်။
YOU ARE READING
6.မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း/ မင်းဟာကိုယ့်ရဲ့ ဆွေမောင်နည်း (Completed)
Romanceဆွေမျိုးအပေါင်း သူတော်ကောင်းတို့ရေ...၊ မောင်ကြီး ကြားအောင်ပြောချင်စမ်းပါဘိ၊ နည်းလမ်းထွေလီ စွယ်စုံသုံး၍၊ ဤဆွေမောင်နည်းကို သိမ်းယူခဲ့ရ၏။ ဆွေမောင်နည်း ဆွေမောင်နည်း... ချစ်သောယောကျာ်း ဆွေမောင်နည်း၊ ဒီကြွားခန်းဝင်ဖို့ သောတဆင်ကြတော့၊ ကမ္ဘာတခွင် ရာဇဝင်...