ရွှေပြည်တန်
အပိုင်း ( ၃ )ပန်းမိုးရွာနေဧ။်။
ညဥ့်နက်ကောင်းကင်ယံကနေ ပွင့်ဖတ်မျိုးစုံ၊ အရောင်မျိုးစုံ၊ ရနံ့မျိုးစုံနှင့် ပုံစံသဏ္ဍာန်မတူညီသော ပန်းပွင့်လေးတွေ ဝဲပြီး ကျဆင်းလို့ လာသည်။ ပြည့်ဝန်းဝိုင်းစက်ကာ ရွှန်းလဲ့ကြည်စင်နေသော ညဧ။် လရောင်အလင်းဟာ အရောင်အသွေးစုံလင်လှသည့် ပန်းပွင့်လေးတွေရဲ့ အလှကို တောက်ပစေသလို၊ သွဲ့ဖြည်းဆော်နှင်း လေပြေညှင်းဟာလည်း မွှေးကြိုင်ထုံသင်းလွန်းသည့် ရနံ့အသင်းကို သယ်ဆောင်ရင်း ဘုရင်မင်းမြတ်အတွက် ကောင်းချီးကို သယ်ဆောင်လာခဲ့ပါပြီ။
ဒဏ္ဍရာတိုင်းပြည်ဧ။် မင်းမြို့နေပြည်တော်အတွင်းရှိ တိုင်းသူပြည်သားအကုန် အိပ်မောကျနေသည်မို့ ထူးဆန်းလွန်းသည့် ဒီအဖြစ်အပျက်ကို ဘယ်သူမှ မသိလိုက်ပေမယ့် တိုင်းပြည်ဥသျှောင် ဘုရင်မင်းမြတ်မှာ စာကြည့်ဆောင်တော်အတွင်း၌ လျှောက်တင်ချက်တွေ စစ်ဆေးကွပ်ကဲနေရခြင်းအတွက် ညဥ့်နက်သည်အထိ အိပ်ဆောင်မဝင်ရသေးပေ။
နဂါးအရှင် ဘုရင်မင်းမြတ်သည် စာချပ်ပေလွှာတစ်စောင်ကို ဖွင့်ဖတ်နေရင်း မွှေးပျံ့ထုံအီနေတဲ့ မွှေးရနံ့ကို ရလိုက်သည်။ နွေဦးကာလပေမို့.. ရွက်သစ်တို့ ဖူးဝေချိန်တန်၊ ပန်းမာလာတို့ ပွင့်ချိန်တန်ပေပြီဟု စိတ်မှတွေးကာ အညောင်းအညာဖြေဖို့ စာကြည့်ဆောင်အပြင်ကို ထွက်ကြည့်သည့်အခါတွင်မှာတော့.. တစ်ခါမှမမြင်ဖူး၊ မကြားဖူးခဲ့သော မြင်ကွင်းကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရပါလေတော့သည်။
ဘုရင်မင်းမြတ်ဟာ ပန်းမိုးရွာနေတာကို တအံ့တသြ မော့ကြည့်ကာ တဆက်တည်း တွေးမိသည်။
..ပန်းပွင့်လေးတွေကို အဘယ်သူကများ ပြန့်ကျဲဆင်းသက်လာစေတာပါလိမ့်..
..ထူးဆန်းလိုက်တာ.. ပြီးတော့ အရမ်းလှတာပဲ.. နီတျာရဲပွင့်ဖတ်လေးတွေ၊ စိမ်းဖန့်နေတာလေးတွေ၊ ပန်းနုရောင်ခြယ်အပွင့်လေးတွေ၊ ရနံ့တွေကလည်း မွှေးလိုက်တာ..
ပန်းလေးတစ်ပွင့်လောက် ရကောင်းပါရဲ့ဆိုတဲ့ စိတ်ဆန္ဒနှင့်အတူ ပြန့်ဝဲသက်ဆင်းကျနေတဲ့ပန်းပွင့်တွေ အလယ်မှာ ရပ်လိုက်ရင်း လက်ဖဝါးဖြန့်လို့ ခံယူလိုက်တော့သည်။ အရောင်အသွေးတွေ စုံနေပေမယ့်လည်းလေ.. နဂါးအရှင် ဘုရင်မင်းမြတ်ရဲ့လက်ဖဝါးတော်အတွင်း ညင်သာစွာ သက်ဆင်းကျလာသည်က တော်ဝင်အပြာနုရောင် ပွင့်ချပ်ငါးလွှာပါ ပန်းလေးတစ်ပွင့်။