အပိုင်း (၁၃)
" လျှောက်တင်ပါတယ် ဘုရင်မင်းမြတ်.. နေမာရီ အိမ်ရှေ့စံ မင်းသားဟင်နရီက ရောက်ရှိကြောင်း သဝဏ်လွှာပေးပို့လာပါတယ်.. ပြီးတော့.. မင်းသားဟင်နရီရဲ့ သက်တော်စောင့်က အရှင့်ဆီ ဝင်ရောက်တွေ့ဆုံခွင့်ရမယ့်ရက်နဲ့ အချိန်ကို တခါတည်း သိသွားချင်ကြောင်းပြောပြီး နန်းတော်တံခါးဝမှာ စောင့်နေကြောင်းပါ.."
" နေမာရီသားတွေက အတော်လည်း ရိုင်းပျချည့်.."
အတိုင်ပင်ခံအမတ်ကြီး၏ မှတ်ချက်စကားအား ကျန်အမတ်များက ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံကြသည်။
" ဒီကျွန်းသားတွေက မျိုးမရှိရိုးမရှိ မကြာမှီကမှ လူစု ကျွန်းသိမ်း တိုင်းပြည်လုပ်ပြီး ဒဏ္ဍရာဆီမှာ လာမောက်မာချင်နေတယ်.. အရှင် အခေါ်တော်ရှိတာကို စောင့်ရမယ်မဟုတ်ဘူးလား.. ရာရာစစ ကျွန်းသားအရိုင်းအစိုင်းတွေ.."
အမတ်များ၏ စကားကြောင့် မဟုတ်ပါပဲ သက်တော်စောင့်တစ်ယောက်၏ ရဲရဲတင်းတင်း အပြုအမူကြောင့် နဂါးအရှင် စိတ်ထဲ မကျေမနပ်ဖြစ်သွားရသည်။ ကျွန်ဆိုတာ သခင်ရဲ့အောက် ပြားပြားဝပ် ကြောက်ရသည်သာ။ သခင်မခိုင်းပဲ ရှေ့ကိုကျူး လုပ်ဝံ့စရာ အကြောင်းမရှိချေ။ ဒီလိုရဲတင်းနိုင်ရဲတာ ကျွန်တစ်ယောက်ရဲ့သတ္တိတော့ မဖြစ်တန်ရာ။ ကျောထောက်နောက်ခံအဖြစ် ရှိနေပေးတဲ့ သခင့်ကြောင့်သာ ဖြစ်ရမည်ဟု တွေးမိလေသည်။
...နေမာရီရဲ့ အိမ်ရှေ့စံဟာ ကောင်းသောလာခြင်းမှ ဟုတ်ရဲ့လား...
" ဘယ်လိုပင် အိမ်ရှေ့စံမင်းသားဆိုအုံးတော့.. ဒီတစ်ခေါက်လာရောက်တွေ့ဆုံရတဲ့အရေးဟာ သူတို့ကျွန်းစုတွေနဲ့ ကုန်သွယ်ရောင်းဝယ်မယ့်အရေး ပြေလည်ဖို့ ဆိပ်ကမ်းဆိုက်ချင်တာပဲ မဟုတ်ရော့သလား.. ရောက်ကြောင်း သဝဏ်လွှာပေးပို့အပြီး ဆင့်ခေါ်တာကို စောင့်ခိုင်းရမှာက ထုံတမ်းအစဥ်အလာပေ.. ဒဏ္ဍရာဆီလာပြီး ဒဏ္ဍရာရဲ့သမိုင်းကို နားမလည်ကြဘူးထင့်.."
ဒဏ္ဍရာရဲ့ စစ်သူကြီးနဝေါ၏ ကြိမ်းမောင်းသံဟာ ညီလာခံခင်းကျင်းသည့် နန်းဆောင်ထဲဝယ် ရိုက်ခတ်သွားလေသည်။ စစ်သူကြီးနဝေါနှင့် အတိုင်ပင်ခံအမတ်တို့သည် နဂါးအရှင်၏ ကာယလက်ရုံးနှင့် ဥာဏလက်ရုံးဟူ၍ပင် တင်စားခေါ်ဝေါ်သမုတ်ခံရသူများဖြစ်ကြ၏။