4 (U)

265 34 10
                                    

ရွှေပြည်တန်
အပိုင်း ( ၄ )

" မင်းနေတဲ့တိုက်ခန်းက ကိုယ်တို့ ရှုတင်စတူဒီယိုနဲ့ တော်တော်လေး ဝေးတာပဲ.."

ထွဋ်မြတ်က ကားမောင်းနေရင်း မှတ်ချက်ချသံဖြင့် ပြောလိုက်သောကြောင့် ဘေးမှာ ထိုင်လိုက်လာသည့် ရွှေပြည်တန်မှာ အလိုလို ကျောမတ်သွားရကာ..

" ဟုတ်.. ကျွန်တော်လည်း သူငယ်ချင်းတစ်ယောက်နဲ့ အတူတူစပ်ပြီး ငှားထားတာမို့ ပြောင်းနေဖို့ကလည်း အဆင်မပြေလို့ရယ်.. ဒါပေမဲ့ ကျွန်တော် နောက်ကျတာမျိုးတွေ မဖြစ်စေရပါဘူး ကိုထွဋ်မြတ်.."

" နောက်လည်း ကိုယ် လာကြိုပေးမှာဆိုတော့ နောက်ကျစရာအကြောင်းလည်း မရှိတော့ပါဘူး.."

ရွှေပြည်တန်တစ်ယောက် ထွဋ်မြတ် မောင်းသောကားရဲ့ lover seat နေရာမှ ထိုင်လိုက်လာနေရသည်ကို မယုံနိုင်အောင် ဖြစ်နေရသည်။

ထွဋ်မြတ်ဆိုတာ ဘယ်သူမို့လဲ။ ဒိတ်ဒိတ်ကြဲ နိုင်ငံကျော် ရုပ်ရှင်မင်းသား၊ ရုပ်ရှင်ရိုက်မစားရင်တောင် နဂို နောက်ခံအသိုင်းအဝိုင်းကောင်းကောင်းနဲ့ ချမ်းသာတဲ့မျိုးရိုးက ဆင်းသက်လာတဲ့ မိုးကျရွှေကိုယ်ကြီးလေ။ ဒီလိုဘဝအခြေအနေ၊ ဒီလိုအနေအထားကြောင့် ဒီလူ့ကို သေချာပေါက် မာနကြီးပြီး ကြီးကြီးကျယ်ကျယ် ဖြစ်လိမ့်မယ်လို့ ထင်ထားသော်လည်း သူ့အထင်နဲ့ တက်တက်စင်အောင် လွဲသည်။

အလုပ်အတူတူလုပ်နေသူမို့လားတော့ မပြောတတ်။ ထွဋ်မြတ်.. ဒီလူက သူ့ကို cast audition ရွေးလိုက်ပြီးတဲ့နေ့ကတည်းက ကောင်းကောင်းမွန်မွန် ဆက်ဆံပေးသည့်အပြင် အခုလည်း ရှုတင်ကို အသွားအလာကိစ္စအတွက် ကိုယ်တိုင် လာကြို၊ ကိုယ်တိုင် ပြန်ပို့လုပ်ပေးဦးမတဲ့။ သူလို ကြုံရာကျပန်း ဟိုဖြတ်လျှောက်၊ ဒီဖြတ်လျှောက်၊ ဓာတ်ပုံမော်ဒယ်သာသာ လူတစ်ယောက်အတွက် ဒီလိုနာမည်ကြီး လူတစ်ယောက် ကိုယ်တိုင်မောင်းတဲ့ ဒီလိုကားအကောင်းစားကြီးကို အလကားသက်သက် နေ့တိုင်း လမ်းကြုံလိုက်စီးရတာက စိတ်မသက်မသာ ဖြစ်စေသည်။

စတွေ့ကြတာ ဘယ်လောက်မှမကြာသေးဘူးမို့ သူက ထွဋ်မြတ်ရဲ့ အရှိန်အဝါတွေကြောင့် ရှို့တို့ရှန့်တန့် ဖြစ်တာမဆန်းပေမယ့် ထိုမင်းသားကတော့ သူ့ကိုမြင်တိုင်း တပြုံးပြုံးဖြင့် မြန်မြန်ဆန်ဆန် ရင်းနှီးချင်နေသည်မှာ ဆန်းသည်။

ရွှေပြည်တန်Where stories live. Discover now