အပိုင်း (၁၈)
လူအနည်းအကျဉ်းသာ ရှိသဖြင့် တိတ်ဆိတ်နေလျှက်ရှိသော ကော်ဖီဆိုင်ခန်းအတွင်းတွင် ရွှေပြည်တန်၏ လက်ဖျား၊ ခြေဖျားများသည် လေအေးပေးစက်မှ လေငွေ့များနှင့်အပြိုင် အေးစက်နေကြသည်။ အငွေ့တလူလူ ထွက်နေဆဲ ချောကလက်ပူပူတစ်ခွက်သည်သာ ထိုအေးစက်မှုတို့အား တောင့်ခံပေးထားချင်သည့်နှယ်။
ထွဋ်မြတ်က ဘေးကပ်ရက်ခုံရှိ မလှုပ်မယှက် ထိုင်နေသော ရွှေပြည်တန်အား ၂ စက္ကန့် တစ်ခါလောက် လှည့်လှည့်ကြည့်ရင်း ရွှေပြည်တန်တစ်ယောက် ပုံမှန်အခြေအနေ ဟုတ်၊မဟုတ်ကို အကဲခတ်နေ၏။
ပန်းပြာတပွင့်ရဲ့ ဖန်တီးရှင်ဟာ အတိတ်ဆီက ဘယ်သူများဖြစ်လိမ့်မလဲ ဆိုတဲ့ အတွေးတစ်ခုတည်းဖြင့် ရင်တုန်စိတ်လှုပ်ရှားနေရသည့် ရွှေပြည်တန်ကတော့ အေးစက်နေသော သူ့လက်ချောင်းများကိုသာ အချင်းချင်း ပွတ်သပ်ဆုပ်ကိုင်ထားလေသည်။
အကယ်၍ စာရေးသူဟာ နဂါးအရှင် ဖြစ်နေရင်၊ အရှင်က သူ့ကိုတွေ့ရင်၊ သူကရော အရှင့်ကို တွေ့ရင်၊ သူတို့နှစ်ဦးသား ပြန်လည်ဆုံဆည်းဖြစ်ကြရင်၊ အတိတ်ဘဝဆီက ဆက်ဆံရေးတွေဟာ အစကနေ ပြန်စကြနိုင်ဦးမလား ဒါမှမဟုတ် ဒီရေစက်တွေကို ဖြတ်တောက်ပစ်ကြမလား။
အမြဲတစေ နဂါးဝတ်ရုံတော်နှင့်ထပ်တူ ကြီးကျယ်မြင့်မြတ်စွာ ရှင်သန်ခဲ့ပါသော တိုင်းပြည့်အရှင် ဘုရင်တစ်ပါးဟာ သူလိုလူကို ပြန်တွေ့ရင် ထူးထွေပြီး ဝမ်းသာဝမ်းနည်းမှ ဖြစ်ပါ့မလား။
ရာဇအိန္ဒြေအပြည့်ဖြင့် ကိုယ်စိတ်နှလုံး သုံးပါးစလုံး ချုပ်ထိန်းနိုင်စွမ်းရှိပါသော ဒဏ္ဍရာရဲ့ နဂါးအရှင် ဘုရင်မင်းမြတ်ဟာ သူလိုလူကို ပြန်တွေ့ရင် သူလိုမျိုး အံ့ဩမှင်သက်ပြီး ရင်တုန်ပန်းတုန်မှ ဖြစ်ပါ့မလား။
ဘဝတွေခြားခဲ့ပြီမို့ သာမန်ဖြတ်သွားဖြတ်လာ လူတစ်ယောက်လို အရေးအရာမလုပ်ချင်ရင်တောင် ဒီအတိုင်း ခရီးဟန်လွှဲအနေနဲ့ အပေါ်ယံလောက်လေးပဲဖြစ်ဖြစ် အသိအမှတ်ပြုပေးနိုင်ပါ့မလား။
ဆိုင်၏တံခါးခေါင်းလောင်းလေး ချလွင်ကနဲ မြည်လာစဉ် ရွှေပြည်တန် လှည့်လည်းကြည့်ချင်၊ လှည့်လည်းမကြည့်ရဲပါ။ တဒုန်းဒုန်း ခုန်လွန်းလို့ ပေါက်ကွဲထွက်မတတ် ဖြစ်နေသည့် ရင်ဘတ်အား လက်ဖြင့် ဖိကာ အသက်ကိုသာ မြန်မြန်ရှူနိုင်ဖို့ ကြိုးစားနေရရှာသည်။