10 (U)

158 13 6
                                    

အပိုင်း ( ၁၀ )

အဆောင်အယောင် အပ်နှင်းပွဲအခမ်းအနားမစမှီ မည်သူတစ်ဦးတစ်ယောက်ကိုမှ ဝင်ရောက်ခစားခြင်း ခွင့်မပြုဟု အမိန့်တော် ထုတ်ပြန်ထားကာ နဂါးအရှင် ဘုရင်မင်းမြတ်တစ်ပါးတည်း စာကြည့်ဆောင်အတွင်း စံမြန်းနေလေ၏။ လျှောက်တင်လွှာတွေစစ်ဆေးရာ စာကြည့်စားပွဲရှေ့၌ တည်ငြိမ်စွာ ထိုင်နေသော်လည်း စိတ်ထဲတွင်တော့ ပန်းပွင့်ပြာတစ်ယောက် သူ့ဆီရောက်မလာမချင်း စိတ်မအေးနိုင် ဖြစ်နေလေသည်။ အထိန်းတော်ကြီးကို ကိုယ်တိုင်သွားခေါ်ခိုင်းထားပေမယ့် နန်းတွင်းအလေ့အထတွေနဲ့ အသားမကျသေးတဲ့ ပန်းပွင့်ပြာက ပြသနာများ ထရှာနေဦးမလားတွေးရင်း လက်ထဲမှ ကိုင်ထားသည့် လျှောက်တင်လွှာပုရပိုက်အား ဘေးသို့ အသာချလိုက်သည်။

ဇာမဏီအရှင်မကစလို့ မိဖုရားတွေ၊ အပျိုတော်တွေနဲ့ အထိန်းတော်တွေကြားထဲ သူနဲ့ပန်းပွင့်ပြာတို့ ကိုယ်ချင်းနှီးနှောကြတဲ့ ကိစ္စက ပျံ့နှံနေပြီ။ အတိုင်ပင်ခံအမတ်နဲ့ ကျန်အမတ်မင်းတွေကတော့ ဒီပန်းပွင့်ပြာကို ဘယ်အဆောင်အယောင် အပ်နှင်းမလဲဆိုတာ သိချင်နေကြရော့မယ်။ တကယ်လို့ သူသာ ကိုယ်လုပ်တော်အရာ ထားမယ်ဆိုရင် သေချာပေါက် အရိုးကြေကြေ အရေခမ်းခမ်း ကန့်ကွက်ကြမှာပဲ။

ထီးနန်းဆက်ခံရမယ့် တော်ဝင်သွေးမျိုးဆက်မရှိသေးတဲ့အပြင် ဒီလိုယောက်ျားကိုယ်လုပ်တော်သာ တရားဝင် ခန့်အပ်လိုက်လို့ကတော့ ဒီဂယက်ဟာ ပြ ည်သူတွေကြားထဲအထိ ရိုက်ခတ်ကုန်ကြလိမ့်မယ်။ တည်ငြိမ်နေတဲ့ တိုင်းပြည့်အရေးလည်း မထိခိုက်အောင်၊ နန်းတော်အတွင်းမှာလည်း ပဋိပက္ခမများရလေအောင် ပန်းပွင့်ပြာကို တူတော်အရာထားတာ အသင့်တော်ဆုံးနည်းလမ်းဖြစ်ပေတယ်။

" လျှောက်တင်ပါတယ်.. ပန်းပွင့်ပြာမင်းသား ရောက်ရှိကြောင်းပါ နဂါးအရှင် ဘုရင်မင်းမြတ်.."

အတွေးစတို့ဟာ အထိန်းတော်ကြီးရဲ့  လျှောက်တင်သံကြောင့် ပြတ်တောက်သွားရပြီး သူ့ရှေ့မှာ ဒူးတုပ်ခစားနေတဲ့ အပြာရောင် အသွင်သဏ္ဍာန်ဆီ အကြည့်ရောက်သွားသည်။ ရှည်လျားတဲ့ အဖြူရောင်ဆံနွယ်တွေဟာ သေသပ်စွာ အထုံးနှောင်ခံထားရကာ မနေ့ညက ရေစိုအဝတ်ကြောင့် အတိုင်းသားနီးပါး မြင်ခဲ့ရတဲ့ ခန္ဓာကိုယ်မှာလည်း အတွင်းဝတ်၊ အပြင်ဝတ်အပြင် အခမ်းအနားဝင် ဝတ်ရုံကိုပါ ခြုံလွှမ်းထားရသဖြင့် အလုံထုပ်ထားသလိုပင် ဖြစ်နေပြီ။

ကျဥ်းကျပ်နေဟန်ရှိသည့် မသာမယာမျက်နှာဟာ ဆက်မထိန်းထားနိုင်တော့သည့်နှယ်..

" ဟို.. အရှင်.. ပြာငယ် မသွားလို့မရဘူးလား.. ဒီအတိုင်း နွေဦးကန်သာမှပဲ ပုန်းနေမယ်လေ.. အဲ့အခမ်းအနားတွေ မလုပ်လို့ မရဘူးလား.."

ပန်းပွင့်ပြာမှာ အမှန်တကယ် စိတ်မပါနေခြင်းပင်။ အထပ်ထပ် ဝတ်ထားရသည့် အဝတ်တွေကြောင့်အပြင် လမ်းမှာ အထိန်းတော်ပြောပြပုံအရ ဒီအခမ်းအနားမှာ ဟိုနေ့က မိဖုရားခေါင်ကြီးရော၊ နဂါးအရှင့်ရဲ့ တခြားမိန်းမတွေရော၊ အမတ်တွေရော၊ စစ်သူကြီးတွေရော လူစုံတက်စုံ တက်ရောက်ကြမယ့် ပွဲတဲ့လေ။

..ဒါ ယောက်ျားဘက်က ဆွေမျိုးတွေကို တစ်ယောက်တည်း လိုက်တွေ့ရတာနဲ့ တူမနေဘူးလား..

" မင်းဟာလေ.. အမတော်ပေးသနားတဲ့ ကောင်းချီးဖြစ်နေလို့ ငါကိုယ်တော် သည်းခံနေတာ.. မဟုတ်ရင် အခုချက်ချင်း ကန်ထုတ်ပစ်လိုက်တယ်.. မင်းကို ရှင်းပြထားပြီးသား.. မင်းကိုမင်းလည်း ပြန်ကြည့်အုံး.. ဒီလိုပျော့ဖတ်ဖတ် ခန္ဓာကိုယ်နဲ့ မတော်တရော် လုပ်ဖို့ကလွဲပြီး ဘယ်နေရာမှာ သုံးစားရမှာမို့လဲ.. မင်းက ငါကိုယ်တော့်အတွက် ဓားတစ်ချောင်း မြှားတစ်စင်းတောင် မ မပေးနိုင်မယ်မှန်းသိလို့ မင်းကို ငါကိုယ်တော်က ကာကွယ်ပေးမှဖြစ်မှာမို့ ဒီအဆင့်အတန်းမျိုးပေးရတယ်ဆိုတာ မင်း သိသိကြီးနဲ့.. ငါကိုယ်တော့်ကို စိတ်ပျက်အောင် လုပ်နေတာလား.."

ပန်းပွင့်ပြာခမျာ ပြာပြာသလဲ ငြင်းဆန်မည်ပြုသော်လည်း နဂါးအရှင်က လက်ကာပြလိုက်သည်မို့ အထွန့်မတက်ရဲတော့ပေ။

" ပါးစပ်ပိတ်ထားလိုက်တော့.. ငါကိုယ်တော် ခွင့်မပြုမချင်း မင်းဆီက ဘာအသံမှမကြားချင်ဘူး.."

..အင်း.. အရှင့်ဆီက နှင်ထုတ်ပစ်ခံရမှာထက်စာရင် ဒီလောက်တော့ ရင်ဆိုင်နိုင်ရမှာပဲပေါ့..

.....

" နဂါးအရှင် ဘုရင်မင်းမြတ် ကြွချီတော်မူလာပါပြီ.."

ဟိန်းထွက်နေသည့် သံတော်ဆင့်အမတ်၏အသံအဆုံးတွင် ညီလာခံခန်းမအတွင်း လူရှိအကုန်ဟာ ဒူးတုပ်ဝပ်တွားကြကုန်သည်။ နဂါးအရှင် ဘုရင်မင်းမြတ်ဟာ ခန်းမထဲသို့ ခပ်မှန်မှန်သာ လျှောက်လှမ်းကြွချီလာပြီး ဘေးဘီဝဲယာမှ အရိုအသေပေးနေသော လူအပေါင်းအား တစ်ချက်မျှ ဝေ့ရုံသာ ကြည့်လိုက်စဥ် ရုတ်တရက် နဂါးဝတ်ရုံတော်အား အနောက်မှ အဆွဲခံလိုက်ရသလို တင်းခနဲ ဖြစ်သွားသည်။ ခြေလှမ်းကို ခဏရပ်ကာ အနောက်သို့ မသိမသာ စောင်းကြည့်လိုက်သောအခါ သူ့အနောက်ကနေ ထပ်ချပ်မကွာ လိုက်လာသည့် ပန်းပွင့်ပြာ။

အနှီပန်းပွင့်ပြာကတော့ စိတ်လှုပ်ရှားနေတာကြောင့် နဂါးဝတ်ရုံတော်အစွန်းဖျားအား တက်နင်းထားမိသည်ကို သတိမပြုမိရှာပဲ ကြမ်းပြင်မှ ခစားနေသူအပေါင်းကို လှမ်းကြည့်ရင်း အလိုလို ပင်ပန်းနွမ်းနယ်လာသည်ဟု ခံစားနေရသည်။

..ငါက အရှင်နဲ့ပဲ နေချင်တာ.. အရှင့်ကိုပဲ ခစားချင်တာလေ.. ဒီလိုအခြေအနေတွေနဲ့ မကြုံလို့ မရဘူးလား..

နဂါးအရှင်တစ်ယောက် အရှေ့က ဟိတ်ကြီးဟန်ကြီး သွားနေရင်း ဘာကြောင့်ရပ်နေမှန်းလည်း ပန်းပွင့်ပြာ သတိမထားမိပေ။ လူပရိသတ်ရှေ့မှာ များပြားလှသည့် အဝတ်အစားအထပ်ထပ်နှင့် ရှိနေရခြင်းဟာ အတော် နေရထိုင်ရခက်နေရသည်။

နဂါးအရှင်လည်း စိတ်နှင့်လူမကပ်ဖြစ်နေသူအား ဘာမှတုန့်ပြန်မနေတော့ပဲ ဝတ်ရုံစကိုသာ ပြန်ဆွဲထုတ်လိုက်ရင်း စံမြန်းရာ ရှင်ဘုရင် ပုလ္လင်ဆီသို့ ဆက်လြှောကျသှားလေ၏။ အနောက်တော်ပါးက လူတစ်ပိုင်း နတ်တစ်ပိုင်းလေးသည်လည်း ဘဲအမေကြီးနောက်က တန်းစီလိုက်တဲ့ ဘဲသားပေါက်လေးလို ထပ်ချပ်မကွာ လိုက်ချသွားသည်မှာ မင်းညီမင်းသားတို့အတွက် သတ်မှတ်ထားရာ နေရာတွင် မနေခဲ့ပဲ ရှင်ဘုရင် ပုလ္လင်ရှိရာ စင်မြင့်အနီးအထိတိုင် ပါသွားတော့သည်။

ဇာမဏီအရှင်မတောင် တက်လှမ်းခွင့်မရှိတဲ့ ရှင်ဘုရင် ပုလ္လင်စင်မြင့်ဆိုတာ ဒီပန်းပွင့်က လူဖြစ်လာရတဲ့ကောင်လေးခမျာ ဘယ်သိရှာမှာတုန်း။ ကြောင်တောင်တောင်နဲ့ ကန်းတိကန်းနလေး လိုက်တက်မယ်အလုပ်..

" မသင့်တော်ကြောင်းပါ ဘုရင်မင်းမြတ်.."

ဘယ်ကတည်းက အကွက်စောင့်နေမှန်းမသိရသည့် ရဲရဲတောက်မျက်လုံးတွေနှင့် အတိုင်ပင်ခံအမတ်က ထအော်သည်။ နဂါးအရှင် တဖန်လှည့်ကြည့်ရပြန်သည်။ ပန်းပွင့်ပြာခမျာမှာ အတိုင်ပင်ခံအမတ်၏ အော်သံကြောင့် လန့်ဖြန့်သွားရပြီး စင်မြင့်ပေါ်ရောက်နေသော ခြေတဖက်အား ချရကောင်းနိုး ဆက်တက်ရကောင်းနိုးဖြင့် မျက်ဝန်းပြာပြာလေး ကလည်ကလည် ဖြစ်နေပုံမှာ အူယားချင့်စရာ သနားချင့်စရာကောင်းလွန်းလှသည်။

ခေါင်းကို အသာခါယမ်းရင်း နဂါးအရှင် တွေးလိုက်မိသည်။

..အတူတူ နေဖို့၊ ငိုဖို့ကလွဲပြီး တကယ်ကို ဘာမှမသိတဲ့ဟာလေးပဲ..

" ပြာငယ်.. မင်း အောက်ပြန်ဆင်း.. အထိန်းတော်ကြီးအနားမှာ ရပ်နေချေ သွား.."

" ဟုတ်ကဲ့ပါ အရှင်.."

ပန်းပွင့်ပြာတစ်ယောက် ပုလ္လင်စင်မြင့်အောက်က အထိန်းတော်ကြီး ဘေးမှာ နေရာရသွားမှ နဂါးအရှင်လည်း ပုလ္လင်ပေါ်သို့ တက်ကာ အေးအေးသက်သာ စံမြန်းတော်မူနိုင်တော့သည်။

" မော်ဖူးစေ.."

ရှင်ဘုရင်က အခွင့်တော်ပေးလိုက်သော်လည်း ဒီနေ့တော့ ပရိသတ်အပေါင်း ခေါင်းထောင်ပြီးကြည့်လာကြသည်က သူတို့ဘုရင်ကို မဟုတ်ပဲ အထိန်းတော်ကြီးဘေးက လှပသော အပြာရောင်အဆင်းသဏ္ဍာန်လေးရှိရာဆီ။

နန်းတော်ထဲမှာ ပန်းပွင့်လေးကနေ လူဖြစ်လာတဲ့ကောင်လေး ရောက်နေပြီး ထိုလူထူးဆန်းလေးဟာ ရုပ်ရည်သွင်ပြင်မှာ အင်မတန် ချောမောလှပသည့်အပြင် အသားအရည်မှာလည်း ပန်းပွင့်လွှာလေးလို နုဖတ်နူးညံ့လွန်းလို့ ထိရက်စရာတောင် မရှိဘူး ဆိုတဲ့ သတင်းစကားများက တစ်သွယ်။ အထူးဆန်းဆုံးက အပြာရောင်မျက်လုံးလေးတွေနဲ့ ငွေမင်ရောင်ဆံနွယ်ရှည်တွေ ဆိုတာက တစ်မျိုး။ နွေဦးနတ်ဘုရားမ ချီးမြှင့်တဲ့ ကောင်းချီးမို့ နတ်သားလေးတစ်ပါး နတ်သက်ကြွေပြီး ပန်းအဖြစ်ကနေ လူဝင်စားလာတဲ့အကြောင်းဟာ နန်းတော်တွင်း၊ နန်းတော်ပြင်နှင့် ပတ်သတ်နေတဲ့လူတိုင်းရဲ့ ပါးစပ်ဖျားမှာ။ သတင်းစကားမှတဆင့် ကိုယ်တိုင်ကိုယ်ကျ မြင်ရမည့် အခွင့်အရေးမို့ ဘယ်သူမှလက်လွတ်မခံချင်ကြပေ။

" ဒီနေ့ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း အမတော် နွေဦးနတ်ဘုရားမဟာ ဒီနှစ်မှာ ငါကိုယ်တော့်အတွက် အမတ မသေမျိုး ကောင်းချီးမင်္ဂလာချီးမြှင့်ခဲ့တယ်.. အမတော်ရဲ့သားတော်အဖြစ် မှတ်ယူပြီး တော်ဝင်ပြာပန်းတစ်ပွင့်ဘွဲ့နာမည်နဲ့အတူ နွေဦးကန်သာစံအိမ်အပါအဝင် မင်းသားအဆောင်အယောင် ချီးမြှင့်မှာပဲဖြစ်တယ်.."

" လျှောက်တင်လိုပါသည် ဘုရင်မင်းမြတ်.."

ပြတ်သားခံ့ညားလှသော အသံပိုင်ရှင်အား ပန်းပွင့်ပြာ လှမ်းကြည့်လိုက်မိသည်။ ထိုအမတ်မင်းသည် အသက်အရွယ်အားဖြင့် အတော်ကြီးရင့်နေသည့်ဟန်ရှိသော်လည်း အမူအရာနှင့် အသံကတော့ ကြံ့ခိုင်လွန်းလှ၏။ ကျန်အမတ်များကလည်း ထိုအမတ်မင်း ပြောလာမည့်စကားများအား အာရုံစိုက်နားထောင်နေကြသည်။

" တိုင်ပင်ခံအမတ်ကြီး လျှောက်တင်ပါ.."

နဂါးအရှင်က အခွင့်ပေးလိုက်သောအခါ ထိုအတိုင်ပင်ခံအမတ်ဆိုသူသည် ပန်းပွင့်ပြာအား ဝေ့ကြည့်လာသည်။ အသက်အရွယ်နှင့်မလိုက်ဖက်အောင် စူးရှလွန်းလှသည့် အကြည့်များက ပန်းပွင့်ပြာဆီ မြှားအစင်းနှစ်စုံသဖွယ် အထက်အောက် အစုန်အဆန် အကဲခတ်နေပြန်သည်။ ထိုအကြည့်များထဲမှ တမင်တကာ မဖုံးကွယ်ထားသော ထူးဆန်းလိုစိတ်များနှင့် အထင်အမြင်သေးသော အရိပ်အယောင်များအား ပန်းပွင့်ပြာ အလိုလို ခံစားသိရှိသွားရသည်။

" နွေဦးနတ်ဘုရားမရဲ့ ကောင်းချီးမို့ မင်းသားအရာအပ်နှင်းတာကို ကျွန်တော်မျိုးတို့ လက်ခံပါတယ်ဘုရား.. ဒါပေမယ့် ဒီယောက်ျားလေးအသွင်က ဘုရင်မင်းမြတ်နဲ့အတူ အိပ်ဆောင်ဝင်တဲ့ကိစ္စက.."

အတိုင်ပင်ခံအမတ်သည် စကားစကို ရပ်ထားလိုက်စဥ် ညီလာခံခန်းမအတွင်းတွင် တွတ်တီးတွတ်ရာ စကားသံများ ဟိုတစ ဒီတစ ပျံ့နှံ့လာချေပြီ။ လူတိုင်း၏အကြည့်စိမ်းစိမ်းများဟာလည်း ပန်းပွင့်ပြာပေါ်သို့ တစုတစည်းတည်း ကျရောက်လို့လာသည်။ ထိုအကြည့်များသည်လည်း ခုနက အတိုင်ပင်ခံအမတ်၏ မြှားသွားလို အကြည့်များနှင့် ထူးမခြားနားပေ။

" အဲ့ကိစ္စက ဘာဖြစ်လို့လဲ.."

ဖြစ်ပျက်နေသည့် အခြေအနေနှင့် ဆန့်ကျင်စွာပင် နဂါးအရှင်က တည်တည်ငြိမ်ငြိမ် မိန့်တော်မူလိုက်၏။

" အရင်ကတော့ မိဖုရားတွေ မတင်မြှောက်ရင်ကို ငါကိုယ်တော့်အတွက် လိုအပ်နေတယ် ထင်နေကြတဲ့ အမတ်မင်းတို့က အခု ဘာကိုများ စိုးရိမ်ကြောင့်ကြစိတ်များနေကြရသလဲ လျှောက်တင်စမ်းပါအုံးလေ.."

" မလျော်ကန် မသင့်မြတ်ကြောင်းပါ ဘုရင်မင်းမြတ်.. မျိုးတူယောက်ျားချင်း ပေါင်းသင်းစပ်ယှက်တဲ့ကိစ္စက တော်ဝင်မိသားစုမှာ မရှိသင့်ကြောင်းပါ.. အတိုင်းတိုင်း အပြည်ပြည်က ကြားသိရင်လည်း ရှက်ဖွယ်အလိလိပါ.. စဥ်းစားချင့်ချိန်တော်မူပါ နဂါးအရှင် ဘုရင်မင်းမြတ်ဘုရား.."

မသိလိုက် မသိဘာသာဖြင့် ညီလာခံခန်းမတစ်ခုလုံး ငြိမ်ကျသွားရ၏။ အနှီ အတိုင်ပင်ခံအမတ်သည် ရှင်ဘုရင်အား တဲ့တိုးအိုးပေါက် ပြောဆိုရဲသည်အထိ သတ္တိကောင်းလွန်းသည်ဟု ပရိသတ်က မှတ်ချက်ချလိုက်သည်။

နဂါးအရှင်ကတော့ နဂိုအမူအရာဖြင့်..

" ဒါဆို အမတ်မင်းတို့သဘောအရဆို မင်းသားအရာမဟုတ်ပဲ ကိုယ်လုပ်တော်နေရာ ထားစေချင်တာလား.."

" နဂါးအရှင်.."

ဒီတစ်ခါ အသံပိုင်ရှင်သည် အမျိုးသမီးဖြစ်သည်။ နီမြန်းသော ပတ္တမြားဆံထိုး၊ နီမြန်းသော ခြုံပုဝါတို့နှင့် အလွန်လိုက်ဖက်နေသည့် မြင့်မြတ်သော  ဇာမဏီအရှင်မပင်။ မျက်နှာကို ခပ်မြင့်မြင့် မော့ချီထားကာ ပန်းပွင့်ပြာအား အပေါ်စီးမှ ငုံ့ကြည့်နေရသလို ကြည့်လိုက်ရင်း..

" နွေဦးနတ်ဘုရားမ ချီးမြှင့်တဲ့ ကောင်းချီးမို့ နဂါးအရှင်က အရေးတယူ ဖြစ်စေချင်တယ်ဆိုရင်လည်း စစ်သူကြီးဖြစ်ဖြစ် စစ်သေနာပတိချုပ်ဖြစ်ဖြစ် ခန့်အပ်ချီးမြှင့်လို့ ရပါတယ်.. အရှင်နဲ့တိုင်းပြည်အတွက် အမှုတော်ထမ်းရွက်မယ်ဆို ပြည်သူတွေကပါ အသိအမှတ်ပြု လက်ခံလာကြမှာ ဧကန်ပါပဲ ဘုရင်မင်းမြတ်.."

ဇာမဏီအရှင်မ၏ သဘောထားကား ရှင်းသည်။ ချမ်းသာကြွယ်ဝတဲ့ သူတို့တိုင်းပြည်အား ထိပါးနေကြသည့် စစ်မက်ပြည်ထောင်များစွာရှိတာကြောင့် ဒီပန်းပွင့်ပြာ စစ်ပွဲတစ်ပွဲပွဲမှာ တိုက်ပွဲကျသွားဖို့ပင်။ ထို့အပြင် စစ်တပ်အား ဦးဆောင်နေရသူပီပီ အချိန်ပြည့် စစ်တန်းလျားမှာ နေ၊ ရဲမက်တွေကို ကြီးကြပ်ကွပ်ကဲရတာနဲ့တင် ဘယ်မှာ အရှင့်နားကပ်ချိန် ရှိပါတော့မလဲ။ ဂုဏ်ပုဒ်တစ်ခု၏ နောက်ကွယ်တွင် ဂုဏ်ပုဒ်နှင့်အညီ ပြည့်ဝစွာ တာဝန်သိရှိပြီး တာဝန်ယူတတ်ခြင်းကို နဂါးအရှင်ကိုယ်တော်တိုင်ပင် ကျင့်သုံးနေသူမဟုတ်ပါလား။ ဒီလိုဘုရင်က လူတစ်ပိုင်း နတ်တစ်ပိုင်းမို့ ဝတ္တရားအား ပေါ့လျော့ခွင့်ပေးလိမ့်မယ်ဆိုတာ လုံးဝမဖြစ်နိုင်ပေ။

ဤအခကြျကို လာဘ်မြင်ကြသော အနောက်ဆောင်မှ မိဖုရားတစ်သိုက်ကလည်း ဇာမဏီအရှင်မ၏ စကားအား တိတ်တဆိတ် ကျိတ်သဘောတူကြလေသည်။ ဇာမဏီအရှင်မနှင့် ယှဥ်နိုင်ဖို့ရာမဆိုထားနှင့်၊ ပေါများလှသည့် သူတို့ အနောက်ဆောင်မှ မိဖုရားများအချင်းချင်းပင်လျှင် နဂါးအရှင်ထံမှ အကြည့်လေးတစ်ချက်ရဖို့အရေး ရေကုန်ရေခမ်း ကြိုးစားနေရတဲ့ကြားကမှ အနှီလှပချောမောသော အမျိုးသားနှင့်တော့ ထပ်မယှဥ်ပြိုင်ချင်ပေ။ ယောက်ျားက ယောက်ျားပီပီ စစ်တိုက်ထွက်တာ သာ၍ကောင်းသည်ဟု သဘောပိုက်ကာ ပြိုင်တူ ခေါင်းငြိမ့်နေကြသည်။

ထိုအခြင်းအရာအား ရိပ်စားမိသည့် နဂါးအရှင်မှာ ဇာမဏီအရှင်မအား စိုက်ကြည့်ရင်း..

" ထပ်ပြီး စောဒကမတက်ပါနဲ့.. တော်ဝင်ပြာပန်းတစ်ပွင့် မင်းသားငယ်အား နွေဦးကန်သာစံအိမ်တော်ကို ပေးသနားပြီး မင်းသားအရာ မြှောက်စားတော်မူမယ်.. သူ့ကို ငါကိုယ်တော် နှစ်သက်မြတ်နိုးတော်မူတယ်.."

နှစ်ဦးတည်းရှိချိန်ကတောင် မပြောခဲ့တဲ့စကားမို့ ပန်းပွင့်ပြာ အံ့သြသွားရသည်မှာ ကျန်လူများနှင့်မခြား။

..အရှင်က နှစ်သက်မြတ်နိုးတော်မူသတဲ့လား..

လှိုက်ကနဲ တက်လာသော ကြည်နူးစိတ်အဟုန်ဖြင့် အရှင့်အား သူ မော့ကြည့်လိုက်မိသည်။ သူ ပြုံးလိုက်မိတာကိုလည်း ထိန်းမရ။ အရှင့်ဆီက ဒီစကားဟာ အမှန်တကယ် ဖြစ်နိုင်မလား။ အရှင်ကတော့ ခံ့ညားတည်ကြည်စွာ ပုံမှန်အတိုင်းသာ မျက်နှာတော်တင်းလျှက်။

..အရှင့်ရင်ထဲက စကားဖြစ်ပါစေလို့ ပြာငယ် မျှော်လင့်ပါတယ်..

အတွေးနဲ့အတူ ပန်းပွင့်ပြာ ခေါင်းငုံ့သွားတဲ့အချိန်မှာတော့ နဂါးအရှင်က ထပ်မိန့်တော်မူသည်။

" မင်းသားငယ်ကို ထိခိုက်နာကျင်အောင်လုပ်တဲ့ ဘယ်သူ့ကိုမဆို ခွင့်လွှတ်မှာမဟုတ်ဘူး.."

.....

" မင်းသားငယ်က နန်းတွင်းညီလာခံပွဲတွေ တက်စရာမလိုဘူးဆိုပေမယ့် ညီလာခံတက်ရောက်တဲ့အခါ မင်းသားအဆောင်အယောင်ကိုတော့ အပြည့်အစုံ ဆင်မြန်းရမှာပါ.. အဆင်တန်ဆာ ဆင်မြန်းပုံက.. .. .."

" မင်းသားငယ်အနေနဲ့ အတိုင်ပင်ခံအမတ်ကစလို့ ကျန်အမတ်တွေရဲ့အဆင့်အတန်းကိုလည်း မှတ်သားထားရပါမယ်.. အမတ်တွေရဲ့အဆင့်အလိုက် အရိုအသေပေးလာတဲ့အခါ.. .. .."

" မင်းသားငယ်က နဂါးအရှင်နဲ့ ဇာမဏီအရှင်မတို့ကို အရိုအသေပြုတဲ့အခါ ဒူးတစ်ဖက်ထောက် ခေါင်းငုံ့ခစားရမှာဖြစ်ပြီး အခွင့်မရှိပဲ မော်ဖူးခွင့်မရှိပါဘူး.. အခမ်းအနားပွဲတွေမှာ မင်းသားငယ်က.. .. .."

" စားတော်ပွဲ သုံးဆောင်တဲ့အခါ.. .. .."

..အားး.. ဘာတွေလဲ...

သူ့ကို မင်းသားဆိုတဲ့နေရာပေးပြီးကတည်းက ဒီအထိန်းတော်ကြီး နေ့တိုင်း နေ့တိုင်း မနက်စောစော အရောက်လာပြီး နန်းတွင်းစည်းကမ်းဆိုတာတွေ သင်ပေးတာ ညနေစောင်းတဲ့အထိပဲ။ ထိုင်တာ၊ ထတာ၊ သွားတာ၊ လာတာကအစ နောက်ဆုံး အစားအသောက်စားတာ၊ လမ်းလျှောက်တာအဆုံး။ ရှုပ်ထွေးလိုက်တဲ့ ရာထူးအဆင့်အတန်းတွေ၊ နှုတ်ဆက်စကား ပြောပုံဆိုပုံတွေ၊ ဂါဝရပြုတာတောင် ကိုယ်နေဟန်ထားက ဘယ်လိုနဲ့။ ဒီကြားထဲ အရေးအဖတ်က သင်ရသေးတယ်။

..စိတ်ရှုပ်ရလွန်းလို့ ရူးတော့မှာပဲ.. အရှင့်ကို မတွေ့ရတာလည်း ခုနှစ်ရက် တစ်ပတ်လောက် ရှိနေပြီ..

အစကတော့ အရှင့်ရှေ့မှာ တိုးတက်လာတဲ့ပုံစံကို ပြချင်လို့၊ အရှင့်စိတ်တိုင်းကျ တော်ဝင်ပြာပန်းတစ်ပွင့် မင်းသားငယ် အဖြစ် နေပြချင်လို့ ကြိုးစားပမ်းစား သင်ယူခဲ့ပေမယ့် သူက ဒီအတိုင်း ပန်းလေးတစ်ပွင့်ပဲမဟုတ်လား။ ခက်ခက်ခဲခဲ အောင့်အီးသည်းခံပြီး သင်ယူတာတောင် မတတ်လာတဲ့အပြင် အရှင်ကပါ လာမတွေ့ဘူးလေ။

.. ငါ တကယ်မခံစားနိုင်တော့ဘူး..

" မသင်ဘူး.. မသင်ချင်တော့ဘူး.. အရှင့်ကိုခေါ်ပေး.. အရှင်နဲ့တွေ့မှာ.."

ဂါရဝပြုနည်းကို အကြိမ်ကြိမ် ဒူးထောက်လေ့ကျင့်ပြီးတဲ့နောက်မှာတော့ ပန်းပွင့်ပြာ မင်းသားငယ်ဟာ မခံမရပ်နိုင်စွာ ခြေဆင်းငိုပါတော့တယ်။ အထိန်းတော်ကြီးလည်း လန့်ဖြန့်သွားကာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေရင်း မင်းသားငယ်ဘေးမှာ ဒူးတုပ်ထိုင် ချော့ရလေပြီ။

" မင်းသားငယ်.. အဲ့လိုမလုပ်ပါနဲ့.. ဘုရင်မင်းမြတ်က မင်းသားငယ်ကို ဒါတွေတတ်အောင် သင်ရမယ်လို့ ပြောထားတယ် မဟုတ်လား.. မင်းသားတစ်ပါးလို ပြုမူရမယ်လို့ ကျွန်တော်မျိုး သင်ပေးထားတယ်လေ.. ကိုယ်နှုတ်အမူအရာ ထိန်းပါ မင်းသားငယ်.. ဘုရင်မင်းမြတ်သိတော်မူရင် စိတ်ဆိုးပြီး အဆူခံထိနေရလိမ့်မယ် မင်းသားငယ်ရဲ့.."

" လာဆူခိုင်းလိုက်.. အခုချက်ချင်း လာဆူလို့ ပြောလိုက်.. အရှင်မလာမချင်း ဒီနေရာက မထနိုင်ဘူး.. ထွက်သွား.. အကုန်ထွက်သွားကြ.."

အထိန်းတော်ကြီးခမျာ ခြေဆင်းငိုနေတဲ့ ပန်းပွင့်ပြာကိုလည်း ဇွတ်ဆွဲမထူရဲ။ ဟိုက မင်းသားရာထူးနဲ့လေ။ နဂါးအရှင်ဆီလည်း ပြေးမလျှောက်တင်ရဲ။ ရအောင်သင်ပေးဆိုပြီး ပြောထားတဲ့ကြားက သွားအကွန့်တက်နေရင် ကြားထဲက ငထွားကျွန်တော်မျိုးသာ ခါးနာရမယ့်အဖြစ်ကိုး။ အချိန်ကလည်း တကယ့်ညီလာခံဝင်နေတဲ့အချိန်။

ခုလတ်တလော ဘာပြသနာကြီးကြီးမားမားမှ ခေါင်းကိုက်စရာမရှိသော်ငြား သူတို့နဂါးအရှင်က အခန့်မသင့်တာနဲ့ ချက်ချင်း ပစ်ချတတ်တဲ့ မိုးကြိုးလိုလူမို့ အချိန်အခါကို ထောက်ဆရသေးတယ်။ မကြည်မလင်ဖြစ်နေတဲ့အချိန် ရှုပ်ရှုပ်ယှက်ယှက် သွားလျှောက်တင်မိပါက အကြောင်းဆိုးပေလိမ့်မယ်။

အချိန်အတော်ကြာသည်အထိ ချော့မော့ပါသော်လည်း မင်းသားငယ် အလျှော့ပေးမယ့်ပုံ မပေါ်တာနဲ့ နောက်ဆုံး ကံဆိုးသူ ရဲမက်တစ်ယောက်ကို ရွေးချယ်ပြီး တော်ဝင်ပြာပန်းတစ်ပွင့် မင်းသားငယ်တော့ သင်ကြားရတာတွေ များလွန်းတာကြောင့် အနည်းငယ်မျှ ဆူပူနေကြောင်း လျှောက်တင်ခိုင်းလိုက်ရတယ်။ ခဏကြာတော့ အနှီ မောင်ကံဆိုးလေး ခေါင်းနဲ့ကိုယ်တွဲလျှက်လေး ပြန်ရောက်လာပါတယ်။

" မင်းသားငယ်.. ဘုရင်မင်းမြတ်က မိန့်တော်မူလိုက်ပါတယ်.."

မင်းသားငယ်က ငိုနေရက်တန်းလန်းမို့ သူကပဲ မနေနိုင်စွာ မေးလိုက်မိတယ်။

" ဘာတဲ့လဲ.."

" ဟို.. တော်ဝင်ပြာပန်းတစ်ပွင့် မင်းသားငယ် အမိန့်ကို မနာခံပဲ စံအိမ်အတွင်း ဆူဆူပူပူ လုပ်ခြင်းကြောင့် ဘုရင်မင်းမြတ် ကြွမလာမချင်း စံအိမ်အပြင်မှာ ဒူးထောက်ပြီး အပြစ်ဒဏ်ခံယူပါတဲ့.."

.....

Thanks for reading,
To be continue 💙

ရွှေပြည်တန်Where stories live. Discover now