11 (U)

201 18 7
                                    

အပိုင်း ( ၁၁ )

ဒူးထောက်ပြီး အပြစ်ဒဏ်ခံယူပါတဲ့လား။

ကျနေဆဲမျက်ရည်တွေတောင် တန့်သွားရသလိုပင်။ သူ့နှလုံးသားထဲ ထုံထိုင်းသွားပေမယ့် ချက်ချင်း နေရာကထ၊ စံအိမ်တော်မှထွက်ကာ ကန်လျှောက်လမ်းကိုဖြတ်ပြီး နန်းတော်မြေပေါ် ဒူးထောက်လိုက်ဖို့ကိုတော့ မတုန့်ဆိုင်းမိပါ။ အပြစ်ခံယူဆိုတော့လည်း ခံယူရုံပေါ့။ အထိန်းတော်ကြီး သင်ပေးနေတဲ့ ခေါင်းမူးစရာတွေ မကြားရရင် ပြီးရော။

..ဘယ်သူ့ကြောင့် မင်းသားနေရာနေရတာလဲ၊ ဘယ်သူကြောင့် ဒါတွေသင်နေရတာလဲ၊ ဘယ်သူ့ကြောင့် ဝတ်ရုံတွေ ဝတ်ရပြီး ဘယ်သူ့ကြောင့် ဖိနပ်ကျပ်ကျပ်တွေစီးရတာလဲ၊ ဘယ်သူ့ကြောင့် ခေါင်းအလေးခံပြီး ဆံပင်တွေထုံးထားရတာလဲ၊ ဘယ်သူ့ကြောင့် ဒီလိုခက်ခဲပင်ပန်းနေရတာလဲ.. ဒါကို သူက အပြစ်ပေးရက်သေးတယ်..

ပန်းပွင့်ပြာ မကျေနပ်ချက်တွေကို စိတ်ထဲကနေ ပွစိပွစိပြောရင်း ဒူးထောက်လိုက်၏။

သိပ်မကြာပေ။ နွေဦးကန်သာ စံအိမ်တော်သခင် တော်ဝင်ပြာပန်းတစ်ပွင့် မင်းသားငယ်တော့ နဂါးအရှင် အပြစ်ပေးလို့ ဒူးထောက်နေရသတဲ့ဆိုသော သတင်းစကားသည် နန်းတော်တွင်းသို့ တောင်ကျချောင်းရေလို အလျင်အမြန် စီးဆင်းသွားချေပြီ။ ရှိရှိသမျှ လူရှိအကုန်မှာ လမ်းကြုံတမျိုး မကြုံရင် ကြုံအောင် တမင်လာ၍တမျိုး၊ ပေါ်တင်တမျိုး ချောင်းမြောင်း၍တမျိုးဖြင့် ပွဲလာကြည့်ကြသည်။

တချို့က လူမက နတ်သမျှ လှပလွန်းသည့် မင်းသားငယ်ရဲ့ အပြာရောင်အဆင်းရူပကာမှာ ကျရှုံးရင်း ငေးမဝ ရှုမဝ၊ ပန်းပွင့်လို နူးညံ့သူလေး၏ မြေမှုန်မြေသားပေါ် ပြစ်ဒဏ်ခံ ဒူးထောက်ရခြင်းအမှုအား ကိုယ်စား အနစ်နာခံ ထမ်းရွက်ပေးချင်နေကြပြီး တချို့ကတော့ နာလိုခံခက်စွာ ဟားတိုက်လှောင်ရယ်လျှက်။ ထိုသို့ လှောင်ပြောင်ကြသူများတွင် အနောက်ဆောင်မှ မိဖုရားတစ်သိုက်အပါအဝင် အင်မတန် ကိန်းကြီးခန်းကြီးနိုင်သည့် ဇာမဏီမိဖုရားခေါင်ကြီးပင် ပါချေ၏။

ကျေနပ်ပြုံးတစ်ပွင့်နှင့်။

..အရှင့်ဆီက ဘွဲ့ထူးတွေ၊ အဆောင်အယောင်တွေ ပေးအပ်ခံရတာ မနေ့တနေ့ကပဲမဟုတ်လား.. ဒီနေ့တော့ ဒူးထောက်နေရပြီ.. အမတ မသေမျိုးဖြစ်ဖြစ်၊ ပန်းပွင့်ကပဲ လူဖြစ်ဖြစ်၊ နဂါးအရှင်ရဲ့ စိတ်အလျဥ်က ဘာမှထူးခြားမသွားပါလား.. အနည်းဆုံးတော့ မိဖုရားအသစ်တစ်ပါးဆိုလျှင်ပင် တစ်လလောက် မျက်နှာသာပေးခံရသေးတယ်.. ဒီယောက်ျားသားကတော့ အလကားသက်သက် ငါ အထင်ကြီးမိတယ်.. အရှင့်စိတ်ကို ငါ့လောက် နားလည်နိုင်တဲ့သူ မရှိပါလား..

ရွှေပြည်တန်Where stories live. Discover now