အပိုင်း (၁၂)
" ရွှေပြည်တန်.. မင်း တအားမောနေပြီ.. ရွှေပြည်တန်.. ကိုယ် ပြောနေတယ် ကြားရဲ့လား.."
ရင်ဘတ်ကို ဖိထားရင်း သည်းလှိုက်အူလှိုက် ငိုကြွေးနေသော ရွှေပြည်တန်အား ထွဋ်မြတ် ထိန်းပွေ့ထားရင်း အငိုတိတ်ဖို့ တတွတ်တွတ် ချော့နေပါသော်လည်း အသက်ရှူရပ်မတတ် ငိုမြဲ ငိုနေသည့် ရွှေပြည်တန့်အခြေအနေကြောင့် ထွဋ်မြတ်တစ်ယောက် စိုးရိမ်စိတ်များနှင့် ယောက်ယက်ခတ်လာရသည်။
...သူ ပြန်သတိရလာပြီ.. သူ ပြန်မှတ်မိလာလို့ ဒီလိုငိုနေတာပဲ...
" ဦးကျော်.. ရှုတင်သိမ်းလိုက်ရအောင်.. သူ အရမ်းပင်ပန်းနေမယ်ထင်တယ်.."
" ဒီလိုဆက်ငိုနေရင် တခုခု ဖြစ်သွားနိုင်တယ်နော် ထွဋ်မြတ်.. ဘယ်လိုလုပ်မလဲ.."
အစကတော့ ကျောခိုင်းလှည့်ထွက်သွားတဲ့ နဂါးအရှင်ကြောင့် ဝမ်းနည်းကြေကွဲရသည့် ပန်းပွင့်ပြာနေရာက ခံစားသက်ဝင်ရင်း မုဒ်ဝင်နေတယ်ဟု ထင်ခဲ့ပေမယ့် ရွှေပြည်တန့်ပုံစံက တကယ့်ကို နာနာကျင်ကျင် ဖြစ်ရလွန်းလို့ ထိန်းမရသလို ဖြစ်လာတာကို မြင်နေရတာမို့ ဦးကျော်သူရမှာ ရပ်ကြည့်နေဖြင့်ပင် တမျိုးကြီး ခံစားလာရသည်။
" ကောင်းမြတ်.. ရေ.. ရေယူခဲ့.."
ထွဋ်မြတ်အော်သံမဆုံးခင်မှာပဲ ကောင်းမြတ်က ရေတစ်ခွက်နှင့်အတူ ပြေးလာသည်။
" ရွှေပြည်တန်.. မင်း ရေလေးတော့ နည်းနည်းသောက်လိုက်ပါ နော်.. နော် ရွှေပြည်တန်.. ကိုယ် ရေတိုက်မယ်နော်.. ဖြည်းဖြည်းမြိုချ.. ရေသီးသွားမှာစိုးလို့.."
ရွှေပြည်တန်ရဲ့နှုတ်ခမ်းဖျားပေါ်သို့ ရေစွက်ရုံ တစ်စက်ချင်း ချပေးရင်း ထွဋ်မြတ်မှာ ကျလုဆဲ သူ့မျက်ရည်များကိုလည်း ထိန်းနေရသေးသည်။ နားထင်ကြောတွေအထိ ထောင်ထလာအောင် ငိုသည့်ဒဏ်ကြောင့် ကိုယ်အပူရှိန်ပါတက်လာသည်မို့ ရွှေပြည်တန်၏ လည်ဂုတ်ပေါ် နဖူးပေါ်သို့ ရေဖြင့် သပ်ချပေးရပြန်သည်။
ရွှေပြည်တန် ငိုရှိုက်သံတစ်ချက်တိုင်းဟာ သူ့နှလုံးအိမ်ထဲထိတိုင် ဝင်ရောက်ရိုက်ခတ်တိုင်း မီးနှင့်မြိုက်နေသလိုပင်။ တသွင်သွင် ကျဆင်းလာသည့် ဒီမျက်ရည်များအား သူ လိုက်သုတ်ပေးလို့ မနိုင်ပါ။ ထိုမျက်ရည်များဟာ နဂါးအရှင်ကြောင့်သက်သက်သာ။ အစမှအဆုံးအထိ ထိုကြမ်းတမ်းခက်ထန်ပါသော နဂါးအရှင် ဘုရင်မင်းမြတ်ကြောင့်သာ။