ရွှေပြည်တန်
အပိုင်း (၁၆)
ပန်းပွင့်ပြာသည် အမွှေးနံ့သာများဖြင့် သန့်စင်အောင် လျှော်ထားသော ငွေမှင်ရောင် ဆံနွယ်ဖြူများအား ကျောပြင်ဝယ် ဖြန့်ထားလျက် ပြတင်းပေါက်ဘောင်ပေါ် မှေးတင်ကာ ကန်တော်သာအား လှမ်းမျှော် ရှုစားနေလေ၏။ ဒဏ္ဍရာ၏ နွေအရှိန်သည် အနည်းငယ် အားလျော့စပြုလာပြီဖြစ်ပြီး ပုံမှန်မဟုတ်သည့် လေပွေများ တိုက်ခတ်လျှက်ရှိသည်။ အနှီလေပွေများသည် ပြတင်းမှတဆင့် ဝင်ရောက်လာရင်း ပန်းပွင့်ပြာ၏ ဆံနွယ်ဖြူများအား တိုးဝှေ့ကစားလိုဟန်ရှိပါသော်လည်း ဆံနွယ်ဖြူများတွင် တွဲလွဲခိုနေသည့် ရေစက်များကြောင့် မစွမ်းသာနိုင်ပါ။
" မင်း တမင် ရောဂါရှာပြန်ရော့သလား ပြာငယ်.."
ထိုအသံသည် နွေဦးကန်သာ စံအိမ်တော် တံခါးဝဆီမှ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ပန်းပွင့်ပြာမှာ ကန်တော်သာမှ အကြည့်ခွါ၍ အသံပိုင်ရှင်ဆီ ဝမ်းမြောက်ဝမ်းသာစွာ ပြေးသွားလေတော့သည်။ ပန်းပွင့်ပြာသည် နဂါးအရှင်ထံပါး ရောက်သောအခါ ၃ ရက်မျှ မဖူးမျှော်ရသော ရှင်ဘုရင့်မျက်နှာတော်အား အလွမ်းပြေ တဝကြီး ဖူးမျှော်လိုက်ပြီးမှ ဒူးထောက်အရိုအသေပြုသည်။
" အရှင်ကိုယ်တော်တိုင် ကြွလာတယ်ပေါ့.. ပြာငယ့်ကိုပဲ အခစားဝင်ဖို့ မိန့်တော်မူလိုက်ရင် ရပြီကို.."
" ဒါဆို ဒီဆံပင်ရေစက်လက်နဲ့ ငါကိုယ်တော့်စာကြည့်ဆောင်အထိ မင်း လာမယ်ပေါ့ ဟုတ်သလား.. ငါကိုယ်တော် ပိုင်တဲ့ ဒီခန္ဓာကို အလိုမရှိတော့ဘူးထင့်.."
နဂါးအရှင်၏ ဆူပူငေါက်ငမ်းသံအား ပန်းပွင့်ပြာ နားဖြင့်ရော၊ ရင်ဖြင့်ရော မခံစားနိုင်ပါ။ လက်ထဲတွင် ကိုင်ထားသည့် သဘက်စအား ခပ်စစ မြှောက်ပြလိုက်ရင်း..
" ပြာငယ်က ရေသုတ်လက်စမို့ပါ.. အခုပဲ ပြောင်အောင် သုတ်လိုက်ပါ့မယ်နော်.."
" အခုချက်ချင်းလုပ်.."
အမိန့်သံအောက်ဝယ် ပန်းပွင့်ပြာတစ်ယောက် ဆံပင်ရေခြောက်ဖို့အရေး အမြန်ဆုံးနည်းဖြင့် သုတ်နေရချေပြီ။ အထိန်းတော်ကြီးလည်း မတ်တပ်ရပ်မနေသာပဲ ဆံပင်ရေကူသုတ်ရန် ရှေ့တိုးလိုက်ပေမယ့် နဂါးအရှင်ဆီက ထိရဲထိကြည့်ဟူသော အကြည့်တို့ကြောင့် လေထဲဝဲနေသည့် လက်အစုံကို အချိန်မှီ အမြန်ပြန်ရုတ်နိုင်လိုက်သည်။
နဂါးအရှင်၏ စိတ်အကဲအဆတ်သည်ကား ခန့်မှန်းမရနိုင်ပါပေ။
ရေသုတ်ခြင်းအမှုပြုပြီးသည့်နောက် ထုံးဖွဲ့ပြီးချိန်တွင် ရေအစိုဓာတ်ကြောင့် ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်းတို့ မဖြစ်အောင် နံ့သာအိုးအပူဖြင့် ဆံပင်များအား အနွေးဓာတ်ပေးရပြန်သည်။
အချိန်တော်တော်ကြာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေသော နဂါးအရှင်သည် ပန်းပွင့်ပြာ၏ ဆံနွယ်များအား လက်ဖြင့် အသာသပ်ကြည့်ပြီး ဆံနွယ်များ ကောင်းမွန်စွာ ခြောက်သွေ့နေတာ သေချာသွားမှ ကန်တော်သာလျှောက်လမ်း တံတားပေါ်သို့ လက်ဆွဲခေါ်သွားလေတော့သည်။
ရှားပါးသည့် တွေ့ဆုံရချိန်အား အနှောင့်အယှက်မပြုလိုခြင်းကြောင့် အထိန်းတော်ကြီးလည်း ဧည့်နားနေဆောင်အတွင်းရှိ ကုန်သွယ်ဆိပ်ကမ်းအရေး လာရောက်ဆွေးနွေးမည့် နေမာရီအိမ်ရှေ့စံကိုယ်တော် မင်းသားဟင်နရီအား လျှောက်တင်ခိုင်းလိုက်သည့် အရေးကြီးကိစ္စဆိုတာ ဒီပန်းပွင့်ပြာ မင်းသားငယ်၏ ဆံပင်ထုံးဖွဲ့ခြင်းကိစ္စကို ပြောနေတာပါပေါ့လားဟု တွေးရင်း အလိုက်တသိဖြင့် စံအိမ်တော်အတွင်း တမင်ချန်ရစ်နေခဲ့လိုက်သည်။
နဂါးအရှင်က နေရောင်ခြည် တိုက်ရိုက်မကျသည့် တံတားအစွန်းပေါ်ဝယ် ကိုယ်တော်တိုင် ကျကျနန ထိုင်ကာ ပန်းပွင့်ပြာအား သူ့ရှေ့မှာ ထိုင်ဖို့ မေးငေါ့ပြသောအခါ ပန်းပွင့်ပြာသည် နာခံရို့ကျိုးစွာဖြင့် ပုံ့ပုံ့လေး ထိုင်ချလိုက်ပြီး ဆံနွယ်များကို ဖြီးသင်နိုင်ရန်အတွက် အလိုက်သတိ ကျောလှည့်ပေးလိုက်သည်မို့ နေရောင်နှင့်အပြိုင် တောက်ပခြင်းဟု တင်စားထိုက်သော နဂါးအရှင်၏ အပြုံးအား မြင်တွေ့ခွင့်မရလိုက်ရှာ။
နို့နစ်ရောင် နံ့သာတုံးထဲ ထွင်းထုထားသော အသွား ခပ်စိပ်စိပ် ခေါင်းဘီးလေး၏ မွှေးရနံ့သည် ကန်တော်သာတဝိုက် ပျံ့လွှင့်သွားလေပြီ။ နတ်သက်ကြွေ မသေမျိုးလေး၏ ငွေမှင်ရောင် ဆံနွယ်များကြား အလူးလူး အခါခါ ဖြတ်သန်းရသည့်အခါ နံ့သာခေါင်းဘီးလေးမှာ ပိုလို့ မွှေးပျံ့လာသည်ဟု နဂါးအရှင် ထင်မှတ်မိသည်။
" ပြောပါအုံး.. ဘာလို့ ဒီနေ့ကျမှ အသည်းအသန် ဆံနွယ်ထုံးဖွဲ့ချင်ရတာလဲဆိုတာ.."
" အရှင်ရဲ့ဒဏ္ဍရာမှာ ချစ်ခင်စုံမက်လို့ ပေါင်းဖက်ကြတဲ့အခါ အကြင်ခင်ပွန်းက ဇနီးမယားကို ဆံနွယ်ထုံးဖွဲ့ပေးခြင်း မင်္ဂလာပြုကြတယ်ဆို.."
" ဒါဆို မင်းက ငါကိုယ်တော့်ရဲ့ ဇနီးမယား လုပ်ချင်တဲ့ သဘောလား.."
နဂါးအရှင်၏ အမေးစကားကြောင့် ကန်တော်သာထဲ ကူးခတ်နေတဲ့ ငါးလေးတွေက သူတို့ကန်တော်သခင် အတွက် သဝန်တိုလွန်းလို့ ထပွက်မလာနိုင်တော့ပဲ ကန်အောက်ခြေ ကူးပုန်းကြပြီထင့်။ ကြာပန်းဝတ်ဆံလေးတွေမှာ ဝတ်ရည်စုပ်ရင်း ခိုနားနေကြတဲ့ ပျားပိတုန်းလေးတွေရော ဘာထူးလို့လဲ။ ကြာပန်းခိုင်တွေကြားမယ် အတောင်သိမ်းလို့ တိတ်တဆိတ် အဖြေစကားအား နားစွင့်နေလောက်ပြီ။
သက်ရှိပန်းပြာလေးကတော့ ပါးနှစ်ဖက်ပေါ်က သွေးကြောလေးများ ရဲထသွားသည်အထိ ရှက်နေရှာပြီ။ တူတော်မင်းသားအရာကနေ သူ ဘယ်လိုများ ပြောထွက်ရပါ့မလဲ။ ဒါပေမယ့် အရှင်နဲ့ သူနဲ့က ချစ်ခင်နှီးနှောပြီးသားသူတွေ မဟုတ်လား။
တကယ်တော့လေ.. အကြင်ခင်ပွန်းတွေ၊ ဇနီးမယားတွေက ဒီအတိုင်း အခေါ်သက်သက်ရယ်ပါ.. ပြာငယ် တကယ်ဖြစ်ချင်တာက အရှင့်ရင်ထဲက ချစ်ခင်မြတ်နိုးတဲ့သူ.. အရှင်ချစ်ရတဲ့သူပါ
စိတ်ထဲမှ စကားများအား သူ ဘယ်ကစပြောရမယ် မသိသေးခင် နဂါးအရှင်က ဆက်ပြောလာသည်။
" ငါကိုယ်တော့်နန်းတွင်းထဲမှာ မိဖုရားတွေ ကိုယ်လုပ်တော်တွေမှ အများကြီးဆိုတော့ မင်းက အဲ့မိန်းမအများကြီးထဲက တယောက်ဖြစ်ချင်လို့လား.."
ရင်ထဲအောင့်တက်လာသော ဝေဒနာအား ကပျာကယာ မြိုချလိုက်ရပြီး သူ့ခေါင်းကို အသာယမ်းခါပြလိုက်ရင်း..
" အဲ့လိုသဘောမဟုတ်ရပါဘူး အရှင်.. ပြာငယ်က ဒီအတိုင်း အရှင်နဲ့တွေ့ဆုံချင်ပြီး အရှင့်လက်နဲ့ ဆံနွယ်ထုံးဖွဲ့တာမျိုးပဲ လိုချင်တာပါ.. တခြားဘာသဘောမှ မပါပါဘူး.."
ပန်းပွင့်ပြာစကားကြောင့် နဂါးအရှင်၏ အပြုံးသည် ခေတ္တမျှ တန့်သွားရသည်။
အရှင့်အိမ်သူသက်ထားနေရာက နေချင်လို့ ထုံးတမ်းဓလေ့အတိုင်း ဆံနွယ်ထုံးဖွဲ့ခံချင်တာပါဟု ပြောလာမယ်ထင်ထားခဲ့တာ.. အထိန်းတော်ကြီးဆီက အကြင်လင်မယားအရာမြောက် ဓလေ့ဆိုတာ ကြားသိလိုက်ရလို့ဒီလူတပိုင်း နတ်တပိုင်းလေး အရူးထချင်တယ် ထင်ထားခဲ့တာလေ..
ငွေမှင်ရောင်ဆံနွယ်များသည် ကျွမ်းကျင်သူ၏လက်ထဲ၌ လှပစွာ စည်းနှောင်ကာ သေသေသပ်သပ် ထုံးဖွဲ့ခြင်း ခံလိုက်ရပြီ။ ဆံထုံးသည် အမျိုးသားများကဲ့သို့ ဦးထိပ်တည့်တည့်နေရာတွင်မရှိ၊ အမျိုးသမီးများကဲ့သို့ နောက်စေ့နေရာတွေလည်းမရှိပါပဲ ကြားနေရာမှာ တင့်တင့်တယ်တယ် ရှိလှ၏။
" ပြီးပြီ.. စံအိမ်တော်မှာ ကောင်းကောင်းနေရစ်ခဲ့.."
နဂါးအရှင်သည် ဆံနွယ်ထုံးဖွဲ့ပြီးသည်နှင့် နံ့သာဘီးအား ပန်းပွင့်ပြာလက်ထဲ ထည့်ပြီး ကန်တော်သာ လျှောက်လမ်းမှတဆင့် ကြွမြန်းတော်မူသွားပြီ။ ပန်းပွင့်ပြာလည်း နဂါးအရှင် လက်ဖဝါးဓာတ်ဖြင့် နွေးနေဆဲ နံ့သာဘီးလေးကို ရင်ခွင်ထဲပိုက်ရင်း ကြွတော်မူ အရှင့်နောက်တော်ပါးသို့ ပြေးလိုက်ချင်သည့် ဆန္ဒကို ထိန်းချုပ်ကာ နောက်ကျောပြင်လေးအား ငေးကြည့်လျှက် ကျန်နေခဲ့ရှာသည်။
" မင်းသားငယ်.. အပြင်မှာ လေကြမ်းလှတယ်.. အဆောင်တော်ထဲ ဝင်ရအောင်လေ.."
အထိန်းတော်ကြီး၏ စိုးရိမ်စကားအား မကြားဟန်ပြုကာ ဟိုးကန်တော်အစပ်ကို ရောက်နေပြီဖြစ်သော နောက်ကျောပြင်လေး လုံးလုံးပျောက်ကွယ်သွားသည်အထိ ပန်းပွင့်ပြာ မျှော်ကြည့်နေမိသည်။ ရင်ခွင်ထဲရှိ နံ့သာဘီးလေး အေးစက်စပြုလာမှသာ သူ ခပ်တိုးတိုးသာ မေးခွန်းထုတ်နိုင်သည်။
" ဒီနန်းတော်ထဲမှာ ရှိတဲ့ အဲ့မိဖုရားတိုင်းကို အရှင့်လက်နဲ့ ဆံနွယ်ထုံးဓလေ့ လုပ်ပေးခဲ့ဖူးမှာပဲနော်.. ဟုတ်တယ်မလား အထိန်းတော်ကြီး.."
.....
နေမာရီဘက်မှ ကမ်းလှမ်းလာသော နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်ကြမည့် ဆိပ်ကမ်းအရေး သဘောတူညီချက်များအား မင်းသားဟင်နရီ ဖတ်ပြနေသည်ကို နားထောင်နေရင်း ထိုအိမ်ရှေ့စံအား နဂါးအရှင် သေချာစွာ အကဲခတ်ကြည့်နေမိသည်။
ပြုံးစစအမူအရာနှင့် လိုက်ဖက်လှသည့် မျက်နှာခပ်ရွှင်ရွှင်မှာ နေလောင်ဒဏ်ကြောင့် အနည်းငယ် နီမြန်းမြန်းဖြစ်နေခြင်းဖြင့်ပင် ခံ့ညားသောအသွင်ကို ဆောင်၏။ ပင်လယ်ဆားရေကြောင့် ကောက်ကွေးကြမ်းတမ်းနေသော ဆံနွယ်များအား ခပ်မြင့်မြင့် ချည်နှောင်ထားပြီး ရင်အုပ်ကျယ်ကျယ်နှင့် ပြည့်ဖြိုးတောင့်တင်းလှသည့် ခန္ဓာကိုယ်ဟာ ရေတပ်စစ်သူကြီး ရေဘီလူးကြီးဆိုတဲ့ ဂုဏ်ပုဒ်နှင့် သက်ဆိုင်လို့ နေပြန်သည်။
အသံဟာ ကြည်လင်ပြတ်သားကာ တစ်ဖက်သား လက်ခံသဘောပေါက်လာအောင် ကွေ့ပတ်ဆွဲငင်ပြောဆိုနိုင်စွမ်းရှိခြင်း၊ နှုတ်ရေးထက်ခြင်းတို့ကို လက်တွေ့သိရှိခဲ့ရပြီးမို့ မထူးဆန်းတော့သော်လည်း အနှီတောက်ပလင်းလက်လွန်းနေသည့် မျက်ဆံနက်များကိုတော့ သူ့စိတ်ထဲ ဘဝင်သိပ်မကျချင်ပေ။
ထိုမျက်ဆံနက်များထဲတွင် တစိုက်မတ်မတ်ရှိပုံရမည့် စွဲမြဲခိုင်မာမှုများစွာအား တွေ့မြင်နေရခြင်းကြောင့်ပင်။
ခြုံငုံကြည့်သော် သူ့မျက်စိရှေ့မှ မင်းသားဟင်နရီဟာ သူနဲ့မတိမ်းမယိမ်း အနေအထားတွင်ရှိနေကြောင်း နဂါးအရှင် လက်ခံလိုက်ရပြီး တပြိုင်နက်တည်း စိတ်ထဲ ရတက်မအေးဖြစ်လာရသည်။
" နဂါးအရှင်ကို ကြည့်ရတာ ဒီသဘောတူညီချက်များအား သဘောတော်မကျဟန်ရှိသည်ထင့်.. အမတ်များနဲ့ ထပ်မံဆွေးနွေးလိုမည်ဆိုလည်း ကျွန်တော်မျိုး နောက်နေ့မှ တစ်ခေါက်ပြန်လာ.."
" နေပါလေ.. ဒီနေ့ပဲ ဒီကိစ္စကို အပြီးသတ် သဘောတူညီချက်အဖြစ် တိုင်ပင်ချုပ်ဆိုကြတာပေါ့.. မင်းသားဟင်နရီလည်း ဇာတိမြေကို လွမ်းလို့ပြန်ချင်ရော့မယ်.. ငါကိုယ်တော်က အကြာကြီး အချိန်ဆွဲထားလို့ မသင့်ပေဘူး.."
" ဒါအတွက်ဆို စိုးရိမ့်ကြောင့်ကြတော်မမူပါနဲ့ နဂါးအရှင်.. ကျွန်တော်မျိုးက မွေးကတည်းက ပင်လယ်ရေထဲ ကြီးပြင်းလာသူမို့ထင်ရဲ့.. ဒဏ္ဍရာဆီ ရောက်တုန်းရောက်ခိုက် ဒီမြေပေါ်မှာ နေပျော်လွန်းလို့ တဝကြီး နေသွားချင်သေးတာ.. ဖခမည်းတော်ကလည်း အခွင့်ပေးသနားထားပြီးသားမို့ နဂါးအရှင်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်အလို့ငှါ ကျွန်တော်မျိုးက ဆိပ်ကမ်းဆောက်လုပ်မည့်အရေးအတွက်ပါ ပါဝင်ကူညီဖို့ နေရစ်ခဲ့အုံးမှာပါ.."
...ဒီကျွန်းသားအရိုင်းအစိုင်းက အခုမှ အတော်ကို သိတတ်နေပါပေါ့လား...
နဂါးအရှင်မှာ မကြည်လင်ရခြင်းများအား အလိမ္မာနှင့် ထိန်းချုပ်လိုက်ကာ ကိစ္စမြန်မြန်ပြီးစေဖို့ သက်ဆိုင်ရာ အမတ်များအား ဆင့်ခေါ်စေသည်။ အနည်းဆုံးတော့ သဘောတူညီချက်အတွက်၊ ဆိပ်ကမ်းစည်းမျဉ်းစည်းကမ်းတွေအတွက်ဆိုပြီး အကြောင်းပြချက်တွေ တပုံတပင်နှင့် မင်းသားဟင်နရီတစ်ယောက် သူ့နန်းတော်ထဲသို့ ခဏခဏ ခြေလာမရှုပ်နိုင်တော့အောင်လို့ပင်။
မင်းသားဟင်နရီကတော့ နေရာပေးထားသည့် ခုံမှာထိုင်နေရင်း နဂါးအရှင်ကိုတစ်လှည့်၊ ဧည့်ခန်းဆောင်အတွင်းကိုတစ်လှည့်ဖြင့် မျက်စိကစားရင်း နဂါးအရှင်နှင့်အတူ အဖော်ပြုကာ အမတ်များအား စောင့်ဆိုင်းနေလေသည်။
အတန်ကြာသော လွန်စွာ ကသိကအောက် နိုင်လှသည့် ဤတိတ်ဆိတ်မှုအား ဖြိုခွင်းကာ နဂါးအရှင်က စကားစလာပြန်သည်။
" ဒါ့ထက်.. မင်းသားဟင်နရီက အိမ်ရှေ့စံအရာအပ်နှင်းပွဲ မကျင်းပရသေးဘူးမဟုတ်လား.."
" နဂါးအရှင် သတိတရရှိတာ ကျေးဇူးတော်ကြီးလှပါတယ်.. ကျွန်တော်မျိုးမှာ နီးစပ်ရာ ပင်လယ်ပြင်ရှိ ရန်သူများအား နှိမ်နင်းနေရခြင်းအရေးများကြောင့် အရိုက်အရာခံယူပွဲအား တရားဝင် အခမ်းအနားဖြင့် မကျင်းပရသေးကြောင်းပါ.."
" အခုလို နေမာရီအတွက် ငြိမ်းချမ်းနေပြီဖြစ်တဲ့ အချိန်အခါမှာ အိမ်ရှေ့စံအပ်နှင်းပွဲအခမ်းအနား ကျင်းပနိုင်ခြင်းဟာ မင်္ဂလာကိစ္စပဲ မဟုတ်ရော့သလား.. နေမာရီတိုင်းသားတွေအတွက်လည်း အားကိုးအားထားစရာ ကိစ္စကြီးမို့ မင်းသားလည်း ဒီအတွက် ဒဏ္ဍရာမှာပဲ အချိန်ကုန်နေလို့ မဖြစ်ချေဘူးထင့်.."
ဖြည်းဖြည်းနှင့် အေးအေး နှင်လွှတ်နေသော နဂါးအရှင်၏ အတွင်းသဘောအား ရိပ်စားမိသောကြောင့် ဟင်နရီမှာ အပြုံးဖြင့်သာ တုန့်ပြန်လိုက်ရသည်။ ထိုစဉ် ဟင်နရီ့ဆီက ငြင်းပယ်သည့်စကားထွက်မလာခင် နဂါးအရှင်က တဆက်တည်း ဆက်ပြောလာသည်။
" ဒါပေမင့် အိမ်ရှေ့စံအရာအပ်နှင်းဖို့အရေးနဲ့အတူ အိမ်ရှေ့စံမိဖုရားလည်း တော်ကောက်ဖို့ အသင့်ရှိနေရော့မယ်.. နေမာရီအတွက် ထီးနန်းဆက်ခံသူ သားကောင်းရတနာမွေးဖွားပေးဖို့ ဘယ်အမျိုးကောင်းသမီးလေးများ မြှောက်စားချီးမြှင့်ခံရသလဲ.."
" ရှက်ဝံ့ကြောင်းပါ နဂါးအရှင်.. ကျွန်တော်မျိုးမှာ ရည်ရွယ်သူ အမျိုးသမီးမရှိကြောင်းပါ.. နေမာရီက ထွက်မလာခင်အထိ အိမ်ရှေ့စံမိဖုရား အပ်နှင်းဖို့အရေးသက်သက်အတွက် ကျွန်တော်မျိုးရဲ့ နှလုံးသားအား မည်သူ့မှ မပေးအပ်ခဲ့ရသေးကြောင်းပါ.."
နေမာရီက ထွက်မလာခင်အထိဆိုတဲ့ စကားအား သူ တမင်ဖိပြောလိုက်ချိန်တွင် နဂါးအရှင် အံကို ခပ်တင်းတင်း ကြိတ်လိုက်ခြင်းကို ဟင်နရီ သတိထားမိသည်။
" ဒါဆို ငါကိုယ်တော့်ဆီမှာ နှမငယ်မင်းသမီးနှစ်ပါး ရှိပေတယ်.. နေမာရီနဲ့ အမျိုးတော်စပ်ဖို့ ရွှေလမ်းငွေလမ်းဖောက်ရမယ်ဆိုရင်ဖြင့် ကိုယ်တော်တော့ အားရဝမ်းသာရှိပေရဲ့.."
တစ်ဖက်က ရှင်ဘုရင်ဖြစ်နေခြင်းကြောင့် ဟင်နရီမှာ ယတိပြတ်ကြီး ငြင်းရခက်လေပြီ။ တွေ့ချင်လွန်းသည့် ပန်းပွင့်ပြာမင်းသားကိုကျ ပေးမတွေ့ပဲ ဖွက်ထားပြီး နှမမင်းသမီးတွေကျ အတင်းထိုးပေးနေပြန်သည်။
ဒီဒဏ္ဍရာရဲ့နဂါးအရှင်ဟာ ကြားရတဲ့သတင်းတွေလို တကယ်ပဲ အမပေး နှမယူကိစ္စတွေမှာ တော်တော် အမြင်ရှိပေသားပဲ.. အကျိုးအမြတ်ရဖို့ဆို ပေးပဲပေးရ ယူပဲယူရ ဘာမဆို လုပ်မယ့်လူ.. ဒါကြောင့်လည်း သူ့မိဖုရားဆောင်တွေ ပိုပိုတိုးလာတာပေါ့
ဟင်နရီသည် စိတ်ထဲမှ စေ့စေ့ပေါက်ပေါက် ဝေဖန်လိုက်ပြီး ခါးကို လိုတာထပ် ပိုမိုကုန်းညွှတ်ကာ..
" လျှောက်တင်ပါတယ် နဂါးအရှင်.. ကျွန်တော်မျိုးက စစ်သင်္ဘောပေါ်မှာ အသက်ရှင်ရင်း နေမာရီနယ်နိမိတ်ကို ကာကွယ်နေရသူပီပီ အနေအထိုင် အပြောအဆိုမှာ နိမ့်ပါးကြမ်းတမ်းလှပါတယ်.. နေပူပူအောက် ရွက်ကြိုးကိုင်ကာ တပ်သားတွေနဲ့အတူ တိုက်ခိုက်သတ်ဖြတ်ရသူ ကျွန်တော်မျိုးက နူးညံ့သိမ်မွေ့တဲ့ ဒဏ္ဍရာရဲ့အဖိုးတန် သမီးရတနာလေးတွေကို စိတ်မကူးဝံ့ကြောင်းပါ.. မင်းသမီးငယ်လေးတွေအတွက်ဆို ပိုလို့ မလိုက်ဖက်နိုင်ကြောင်းပါ နဂါးအရှင်.."
" တိုင်းပြည်အတွက် ကြီးကျယ်မြင့်မြတ်တဲ့ နေမာရီအိမ်ရှေ့စံနဲ့ လက်ဆက်နိုင်ရတာနဲ့တင် သူတို့အတွက်တော့ ဂုဏ်ကျက်သရေပါပဲ မင်းသား.. နှစ်ပြည့်တပြည် အေးချမ်းသာယာစေဖို့ မင်္ဂလာကိစ္စနဲ့ အစပြုတာ ပိုမကောင်းရော့ထင့်.."
" နှစ်ပြည့်တပြည် ရွှေလမ်းဖောက်ဖို့အရေး နဂါးအရှင် ဆန္ဒရည်သန်ပါက ကျွန်တော်မျိုးတို့ နေမာရီရဲ့ တပင်တိုင် မင်းသမီးအား ဆက်သဖို့ရာ ဝန်မလေးပါ.. နဂါးအရှင်လက်ထဲ နေမာရီရဲ့နှလုံးသည်းပွတ်အား ကျေကျေနပ်နပ် ထည့်ရဲကြောင်းပါ.. ကျွန်တော်မျိုး အတွက်ကတော့ နှလုံးသားထဲက အလိုရှိသူကိုပဲ တောင့်တမျှော်လင့်မိပါတယ်.."
တခွန်းမကျန် ပြန်ပက်နေသည့် ဟင်နရီအား နဂါးအရှင် ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ရင်း..
" နေမာရီအိမ်ရှေ့စံရဲ့ နှလုံးသားထဲက တောင့်တနေရသူက ဘယ်သူများလဲ.. ငါကိုယ်တော် သိခွင့်ရှိမလား.."
ဟင်နရီ ပြန်မဖြေနိုင်တော့ပါ။ နားထဲ၌ ငရုဇ်၏ သတိပေးစကားများအား ပြန်လည်ကြားယောင်လာရ၏။
...တပါးသူ ပိုင်ဆိုင်နှင့်လေပြီးသော သက်ရှိ.. တပါးသူ ပိုင်ဆိုင်နှင့်လေပြီးသော သက်ရှိတဲ့လား တကယ်လို့ မင်းသားငယ်လေးရဲ့ စိတ်နှလုံးသားဟာ နဂါးအရှင်ဆီ ရှိမနေရင်ရော.. ဟင် ငရုဇ်.. စောင့်စည်းအပ်လေသော ကျင့်ဝတ်ဆိုတာနဲ့တင် မကြိုးစားသင့်တော့ဘူးလား...
သူမတူစွာ နှုတ်ပြောစွမ်းရည် ညက်ညောလှပါသော မင်းသားဟင်နရီသည် ဒီတစ်ချီမှာဖြင့် တိတ်ဆိတ်ငြိမ်သွားရသည်။
" ထားပါလေ.. ဒါက မင်းသားရဲ့ အတွင်းရေးမို့ ငါကိုယ်တော့်အမေးစကားက စည်းကျော်သလို ဖြစ်သွားပါပေတယ်.. ဒဏ္ဍရာဆီ ရောက်လာတဲ့ ဧည့်သည်မို့ ကိုယ်တော်က ဧည့်ဝတ်ကျေလိုတယ်.. တကယ်လို့ ဒဏ္ဍရာရဲ့ မွေးမိဘများ၏ အုပ်ထိန်းခံလက်အောက်ရှိ အသက်ပြည့်ပြီးသား ပိုင်ရှင်မရှိသူ အမျိုးကောင်းသမီးလေးတဦးဦးကို မင်းသား နှစ်ခြိုက်သဘောကျမိတယ်ဆိုရင်ဖြင့် ငါကိုယ်တော်က စေ့စပ်ကြောင်းလမ်းပေးဖို့ အသင့်ရှိတယ်ဆိုတာ မမေ့လေနဲ့.."
" ကျေးဇူးတော်ကြီးလှပါတယ် နဂါးအရှင်.. ကျွန်တော်မျိုး မှတ်သားထားလိုက်ပါ့မယ်.."
နဂါးအရှင်ဟာ သူ နန်းတော်ဝင်ဖို့အရေး ဇွတ်တရွတ်နိုင်ခဲ့တာကို သေချာပေါက် စုံစမ်းမှာ အမှန်ပင်။ ပိုးပိတ်စပေါ်က ပန်းပွင့်ပြာပုံရိပ်ကို ရေးဆွဲသူ ပန်းချီဆရာရဲ့ ကိစ္စအဝဝကို သိရှိခဲ့လို့သာ ပန်းပွင့်ပြာကြောင့် သူ ဒဏ္ဍရာမှာ နေခဲ့မည်ကို ရိပ်စားမိနေခြင်း ဖြစ်ဟန်တူပြီး အခုလက်ရှိပြောပုံအရတော့ သူ့ကို လုံးလုံး သဘောတော်ကျမနေဘူးထင်ရဲ့။ ထို့အပြင် ပေါ်ပေါ်တင်တင်ပဲ စိတ်သဘောကို ကွယ်ဝှက်လိုခြင်းမရှိ၊ ဒဏ္ဍရာကနေ သူ မြန်မြန်ပြန်ထွက်သွားဖို့ကိုသာ တိုက်တွန်းနေလေပြီ။
ဒါဆို ဒီတော်ဝင်ပြာပန်းတစ်ပွင့် မင်းသားငယ်အပေါ် ထားတဲ့ နဂါးအရှင်ရဲ့စိတ်က ပေါ့တန်တန် မဟုတ်တန်ရာ။
...ထားပါလေ.. တတ်နိုင်သရွေ့တော့ မင်းသားငယ်ကို ထပ်တွေ့ခွင့်ရဖို့ ကြိုးစားပြီး မင်းသားငယ်နဲ့ နဂါးအရှင်ရဲ့ကြားက ဆက်ဆံရေးအကြောင်းကို စုံစမ်းပြီးမှ ရှေ့တစ်လှမ်းတိုးရင်လည်း နောက်မကျနိုင်ပါဘူး...
.....
လေးလံနေတဲ့ မျက်ခွံများကို အတင်းအားယူဖွင့်ကြည့်လိုက်ပေမဲ့ ရှင်းလင်းမပြတ်သားပဲ အရာရာဟာ မှုန်ဝါးနေဆဲ။ အလိုလိုသိစိတ်ကြောင့် သူ့တိုက်ခန်းဆီ ပြန်ရောက်နေတာပါလားဟု သိလိုက်ရပြီး ဘေးဘီဝဲယာဆီ လှမ်းမကြည့်နိုင်။ မျက်နှာကြက်ဆီသို့သာ အကြည့်ပို့ထားရင်း ခေါင်းထဲမှာ တဝီဝီမည်နေသည့် အသံတွေ ငြိမ်ကျသွားအောင် ငြိမ်ငြိမ်လေး စောင့်နေမိတယ်။
အတိတ်။
သို့မဟုတ် နောက်ကြောင်း။
မဟုတ်ဘူး.. သေဆုံးခဲ့ပြီးသား ရုပ်ခန္ဓာဆီက မလွတ်မြောက်နိုင်သေးသော စိတ်ဝိညာဉ်တခုသာသာ။
အရာအားလုံးကို မေ့ပြီးနေခဲ့ပါရဲ့နဲ့ ဘာလို့များ အခုချိန်မှ ပြန်မှတ်မိလာရသလဲ။ သူ့ဝဋ်ကြွေးတွေ မကုန်နိုင်သေးလို့များလား။ အတွေးထဲသို့ နဂါးဝတ်ရုံတော်၏ နောက်ကျောဘက် မြင်ကွင်းပေါ်လာတဲ့အချိန်မှာတော့ သူ့ရင်ထဲ စို့တက်လာပြန်တယ်။
" ရွှေပြည်တန်.."
ခပ်တိုးတိုး ခေါ်သံကြောင့် အလန့်တကြား လှည့်ကြည့်လိုက်အခါ အသံပိုင်ရှင်က တစ်ချိန်လုံး သူ့ဘေးနားမှာ ထိုင်နေခဲ့ပုံရတယ်။ တထပ်တည်းနီးပါး တူနေပါသော မျက်နှာအသွင်အပြင်ကြောင့် နှလုံးသားဟာ ပေါက်ကွဲထွက်မတတ် တုန်ရီလို့လာတယ်။
ထိုလူကတော့ ပုံမှန်ထက် ပုံမှန်အတိုင်း ဖြစ်လွန်းစွာပင် သူ့ကို ငေးကြည့်နေရှာပြီး စိုးရိမ်တကြီး အကြည့်တွေနဲ့အတူ မရေရာ မသေချာတဲ့ အရိပ်အယောင်များလည်း ရှိတယ်။
" ခင်ဗျား...."
သူ ဆက်မပြောနိုင်ပါ။
ထိုအနက်ရောင်မျက်ဝန်းများဟာ အရင်တချိန်က သူ ခင်မင်ရင်းနှီးခဲ့ရသည့် ထိုလူ၏ မျက်ဝန်းများပါပေ။
.....
Thanks for reading..
To be continue 💙