ရွှေပြည်တန်
အပိုင်း ( ၂ )ပန်းပြာတပွင့်အတွက် တခြားအလုပ်ကိစ္စတွေမှန်သမျှ အကုန်ရပ်နားထားတဲ့ သူ့မင်းသားကို ကောင်းမြတ်တစ်ယောက် ကြည့်ရင်း နားမလည်လေ ဖြစ်နေရသည်။ အရင်ကလည်း စိတ်ရောကိုယ်ပါနှစ်ပြီး အလုပ်လုပ်တတ်တဲ့သူ ဆိုပေမဲ့ ဒီဇာတ်ကားကျမှ တဆိတ် လွန်လွန်ကဲကဲ ဖြစ်လွန်းသည်။ အဝတ်အစားကအစ အရောင်တွေ ဒီဇိုင်းတွေကို စိတ်တိုင်းမကျမချင်း ပြင်ခိုင်းနေလို့ ဒီဇိုင်နာတွေလည်း စိတ်ညစ်နေကြပြီ။
အခုလည်းကြည့်ဦးလေ.. ရိုက်ကွင်း setting ဆောက်နေတဲ့နေရာအထိ လိုက်ပြီး လိုချင်တဲ့ပုံစံကို ကိုယ်တိုင်ကိုယ်ကျ ပုံဆွဲပြနေလေရဲ့။ အောင်မြင်ရာထုတ်လုပ်ရေးကလည်း ဘာတွေကိုများ ယုံစားနေလို့ studio ထဲရော outdoor အတွက်ပါ အခုလိုကြီး အကုန်အကျခံနေမှန်း သူ တကယ်ကို ဉာဏ်မမှီတော့ပါ။
" ကိုထွဋ်မြတ်.. ခဏလောက် နားလိုက်ပါဦးလား.. မနက်ဖြန်ကျရင်လည်း audition စစ်ဖို့ရှိသေးတယ်လေ.."
မရဲတရဲ တားလိုက်မိသည်။ သူမှ မတားရင်လည်း ကိုယ်တိုင်တောင် ဝင်လုပ်နေဦးမလား မပြောတတ်။
" ကောင်းမြတ်.. မနက်ဖြန်ကစပြီး ငါ့ကို နဂါးဘုရင် အရှင်မင်းမြတ်လို့ ခေါ်.."
" ဗျာ.."
တအံ့တသြဖြစ်လို့သွားတဲ့ ကောင်းမြတ်မျက်နှာကိုမှ အားမနာ အနှီနိုင်ငံကျော်မင်းသားကတော့ ခပ်လှမ်းလှမ်းမှ ရပ်ကြည့်နေသော သူ့ပရိသတ်များကို လက်ပြနှုတ်ဆက်နေလေတော့သည်။ ထို့အတူ ကင်မရာမီးတဖျတ်ဖျတ်ရှေ့၌ သူဧ။် မူပိုင်အပြုံးလှလှလေးအား ပုံစံမပျက် ဆင်မြန်းထားလျှက်။
.....
နဂါးဘုရင် အရှင်မင်းမြတ်။
နှစ်တစ်သောင်းရေစက်ကို သွေးနဲ့ဆက်ကာ သွားနှင့်လေသူ နောက်တော်ပါးက လိုက်ခဲ့လေသည်။
ပန်းပွင့်ပြာမင်းသားငယ် မြင်ပါလှည့်။
ဖူးစာနီ ဆံချည်မျှင်ကြိုးတွေ ရစ်ချည်နှောင်ရုံနဲ့ ဒီရေစက် ဆက်ပါ့မလား မသေချာ။ စိုးထိတ်စိတ်နှင့် နှုတ်တော်ဖျားမှ ကျိန်ဆိုတော်မူလေတဲ့ ဒီသွေးကျိန်စာ။