အပိုင်း ( ၈ )
" တန်ကြီး.. မင်းကလည်း မင်းသားလုပ်နေမှ ပေါ်ကိုမလာတော့ဘူးနော်.."
ကောင်တာနောက်မှ မျက်စောင်းတထိုးထိုးဖြင့် အော်ပြောနေသော ကျော်နိုင်ဦးဆီသို့ ရွှေပြည်တန် တန်းတန်းမတ်မတ် လျှောက်သွားလိုက်ရင်း အရင်ဆုံး ပြုံးပြနှုတ်ဆက်လိုက်သည်။ ထို့နောက် မျက်နှာထားကို ခပ်ချီချီ ပင့်ယူလိုက်ကာ...
" မင်းသားပါဆိုမှ အရင်လို အားယားနေပါတော့မလားဟ.."
" ဟုတ်ပါပြီ.. မင်းက ပြောအားရှိပြီပေါ့လေ.. ဒါနဲ့ ကိုထွဋ်မြတ်ရော မပါဘူးလား.."
" ဟ.. ဟိုက နိုင်ငံကျော်မင်းသားလေ.. ဒီလိုဆိုင်ကို နောက်တစ်ခေါက် ပြန်လာချင်လား စဥ်းစား.. အရင်တစ်ခေါက်ကလည်း မင်းကြောင့် သူ့မယ် ညမိုးချုပ်မှ ခိုးပြန်သွားရတာကို.."
ကျော်နိုင်ဦးတစ်ယောက် ပါးစပ်ဖွာမိတဲ့ မိမိအပြစ်ကို ပြန်မှတ်မိကာ မျက်နှာသေကြီး ဖြစ်သွားတော့သည်။
" အရင်တစ်ခေါက်က လတ်မှတ်လေးတောင် မတောင်းလိုက်ရလို့ပါကွာ.. ငါ့တစ်အိမ်လုံးက သူ့ဖန်တွေဟေး.. ဆိုင်အထိရောက်ချလာတာတောင် မတောင်းရကောင်းလားဆိုပြီး အခုထိပြောမပြီးဘူး.."
" မင်း အာချောင်လို့ မတောင်းလိုက်ရတာကို ခံပေါ့.. ကိုထွဋ်မြတ်က ဒီလောက်သဘောကောင်းတာ မင်း တောင်းရင် ချက်ချင်းလတ်မှတ်ထိုးပေးမှာရယ်.."
" အေးလို့.. ငါ မတောင်းလိုက်ရလို့ မင်းကို တောင်းခိုင်းတာပေါ့ တန်ကြီးရ.."
" လစ်.. မင်းကြောင့် ငါပါ အရှက်ကွဲရတာ.. အောကားတွေပါ ဖွင့်ထားသေး.. ရှက်လွန်းလို့ ငါ့မှာ.."
" လုပ်ပါကွာ.. သူငယ်ချင်း မင်းသားကြီးကလည်း.. နော်.."
ရွှေပြည်တန်လည်း ကျော်နိုင်ဦး၏ ရှုံ့မဲ့နေသော မျက်နှာကြီးအား မကြည့်ချင်တော့တာက တစ်ကြောင်း၊ အိမ်ကလူတွေဆီက နားပူခံရတိုင်း ဒီကျော်နိုင်ဦးဟာ သူ့ကိုပါ နားပူနေတော့မှာကို သိတာက တစ်ကြောင်းကြောင့် ပြီးပြီးရော သဘောဖြင့် ခေါင်းငြိမ့်လိုက်ပြီး...