အပိုင်း (၁၇)
ပြန်ဆုံတွေ့ခဲ့ကြတာ ပန်းပြာတပွင့်ရဲ့ သရုပ်ဆောင်လူရွေးပွဲကနေ စလို့.. မဟုတ်ဘူး ဟိုးအရင် သူ စတွေ့ခဲ့ဖူးတဲ့ ဒီလူ့ရဲ့ ပုံရိပ်ကို အခုထက်ထိ ရှင်းရှင်းလင်းလင်း မှတ်မိနေတုန်းပဲ။ အစိမ်းရောင် ကိုယ်ကျပ်ဝတ်စုံ၊ အိမ်ရှေ့စံမင်းသားအဆောင်အယောင်တွေနဲ့ ဒီလူဟာ ဒီလိုပဲ ဒီမျက်ဆံနက်တွေ။ ဒီလိုပဲ သူ့ကို စိုးရိမ်တကြီး ကြည့်နေခဲ့တာလေ။
သူစိမ်းသက်သက် လူတစ်ယောက်ဆီက ရတဲ့ တရင်းတနှီး အငွေ့အသက်ကို သူ ပထမဆုံး ခံစားခဲ့ရဖူးတာ မဆန်းပါဘူး။ ဘာလို့လဲဆိုတော့ အဲ့ကတည်းက ဒီလူဟာ သူစိမ်းမဟုတ်တဲ့ သူစိမ်းဖြစ်နေခဲ့တာကိုး။
သူ အခု ကိုထွဋ်မြတ်လို့ ခေါ်လိုက်သင့်သလား ဒါမှမဟုတ် အရှင့်သားလို့ ခေါ်ရမှာလား။ ပြန်တွေ့ခဲ့ကြတဲ့ ဒီတလျှောက်လုံးမှာ ဒီလူ့ခင်မင်မှုတွေက အရင်အတိုင်း မပြောင်းလဲခဲ့တာများလား။ ဒါဆို တချိန်လုံး သူ့ကို သိနေခဲ့တာလား။
" ရွှေပြည်တန်.."
မျက်ဆံနက်များဟာ အလွန်အမင်း အာရုံစူးစိုက်နေရလို့ထင်ရဲ့.. ပုံမှန်ထက်ပင် တောက်ပနေလေတယ်။
" ရွှေပြည်တန်.. မင်း အဆင်ပြေရဲ့လား.."
ရွှေပြည်တန် ပင့်သက်တချက် ရှိုက်လိုက်ရင်း..
" ကျွန်တော့်ကို အစကတည်းက မှတ်မိနေခဲ့တာလား အရှင့်သား.."
" ဘာကိုလဲ.. ကိုယ်က ဘာကိုမှတ်မိရမှာလဲ.."
ထွဋ်မြတ်၏ အူကြောင်ကြောင် အမူအရာနှင့် မေးလာသည့် မေးခွန်းကြောင့် ရွှေပြည်တန် ဇဝေဇဝါ ဖြစ်သွားရသည်။
...ဧကန္တ အတိတ်ဘဝကို ပြန်မှတ်မိတာ ရှားရှားပါးပါး ငါတစ်ယောက်တည်းပဲများလား.. ငါတစ်ယောက်တည်းကပဲ ဒီမှတ်ဥာဏ်တွေနဲ့ ရှင်သန်ရမှာများလား..
သူ့ကိုသာ စိုက်ကြည့်နေပြီး စိတ်ပူပန်နေပုံရသည့် ထွဋ်မြတ်ကို ပြန်ငေးကြည့်နေမိရင်း ရွှေပြည်တန့်ရင်ထဲ မခံချိမခံသာစိတ်လေး ဝင်လာရသည်။
...အေးလေ.. အတိတ်ဘဝကို ပြန်အမှတ်ရနေဖို့ဆိုတာ နည်းနည်းနောနော ဝဋ်ကြွေးမို့လို့လား.. သံသရာဟာ ဝဲဂယက်ကြီးလိုပဲ.. ဒီဝဲထဲ ဝဲလည်ကူးခတ်နေရတဲ့ ငါးတစ်ကောင်လို ကူရာကယ်ရာမဲ့ ထပ်ဖန်တလဲလဲ သေလိုက် ရှင်လိုက် လုပ်နေရတာတောင် အရင်ဘဝကို ပြန်မှတ်မိပြီး ထပ်နာကျင်နေရတဲ့ ကံကြမ္မာကြီးက ငါလို ကံနိမ့်နေတဲ့ကောင်မှပဲ ကြုံနိုင်တာကိုး...