အပိုင်း ( ၇ )
ပန်းပွင့်ပြာ မင်းသားငယ်ဟာ အရှင့်ထံပါးမှ အမှာစကားကြားလိုက်ပြီးသည့်နောက် စိတ်အစဉ်မှာ အတော် ကြည်ရွှင်သွားကာ အဆောင်တော်ထဲဝင်၊ ဆံနွယ်တွေကို သပ်သပ်ရပ်ရပ် ဖြီးသင် စည်းနှောင်ပြင်ဆင်ပြီး ဝတ်ရုံကို အပေါ်တစ်ထပ် ထပ်ဝတ်လိုက်သည်။ ကြေးမုံမှန်မှာ ပုံရိပ်ထင်ဟပ်နေသော သူ့ပုံသဏ္ဍာန်သည် ပီဘိ နန်းတက်မင်းသားငယ်တစ်ပါးကဲ့သို့ လန်းဆန်းတက်ကြွနေလေသည်။ ကြည်လွင်ပြာလဲ့နေသော မျက်ဝန်းတစ်စုံသည် အနှီအဆင်းသဏ္ဍာန်အား ပဉ္စလက်ဆန်ဆန် ဖြစ်တည်မှုအသွင်သို့ ဖန်တီးပေးထားပြန်ဧ။်။
" ဇာမဏီအရှင်မ မိဖုရားခေါင်ကြီး ကြွမျန်းတော်မူလာပါပြီ.. "
ရဲမက်တစ်ဦးဧ။်အော်သံနှင့်အတူ အဆောင်တံခါးလည်း ဝုန်းကနဲ ပွင့်ထွက်သွားကာ အဆောင်တွင်းထဲသို့ အနီရောင်အဆင်းရှိသော အမျိုးသမီးတစ်ယောက် ဝင်လာသည်။
ထိုအမျိုးသမီးဧ။် ဆံထုံးထက်တွင် သွေးကဲ့သို့ ရဲရဲတောက် နီနေသော ပတ္တမြားလုံးတွေ စီခြယ်ထားသည့် ရွှေဆံထိုးတစ်ခုအား စိုက်ထားလေသည်။ မျက်ဝန်းတစ်စုံသည် ဓားထက်ထက်များအလား စူးရှပြတ်သားကာ၊ ခပ်တင်းတင်း စေ့လို့ထားသည့် နှုတ်ခမ်းများသည် မဲ့ပြုံးမမည်သော အပြုံးတစ်ခုအား ချိတ်ဆွဲထားသည်။ ထိုအမျိုးသမီးသည် အများသူငါ လိုက်မမှီနိုင်သော ခမ်းနားထည်ဝါသည့် ရတနာတစ်ပါးအသွင်သို့ပင်။
ခြုံလွှမ်းထားသော အနီရောင် ပုဝါပါးကအစ ဆင်မြန်းထားသူနှယ် ပျော့ပျောင်းမှုမရှိပဲ အချိုးကျကျ ရှိနေပြီး မော်ချီနေသော မျက်နှာထားကြောင့် ခေါင်းအစ ခြေအဆုံးသည် ဘာမထီဟန်ပန်အသွင်ဖြင့် တင့်တယ်ကာ တစ်ဖက်လူအား တုန်လှုပ်စေသည်အထိ တောက်ပလွန်းသည်။ အလိုလို ဒူးထောက်ခစားစေသည့် ဂုဏ်ထူးဂုဏ်ဒြပ်မျိုး၊ ခေါင်းဖော် မော်မကြည့်ရဲလောက်အောင် ပြင်းထန်သည့် အရှိန်အဝါမျိုး ရှိပါသော်လည်း ပန်းပွင့်မှ လူဖြစ်လာသည့် အနှီမသေမျိုးကတော့ဖြင့် ကြောင်အမ်းအမ်းဖြင့်သာ ရပ်ကြည့်နေသည်။
" ငါလို မိဖုရားခေါင်ကြီးတစ်ပါး ဝင်လာတာကို ငါ့ရှေ့မှာ ဒူးထောက်ခစားရမယ်ဆိုတာ မောင်မင်း နားမလည်ဘူးလား..တကယ့်အရိုင်းအစိုင်းပဲ "