Day (5)
နောက်တစ်နေ့ မနက်ရောက်တော့ ထုံးစံအတိုင်း ၈နာရီလောက် Daehyun က ပြေးဖို့ထွက်လာတယ်… လင်းလင်းနဲ့ တွေ့ဖို့လည်း မသိစိတ်က မျှော်လင့်နေမိတော့ လင်းလင်းတို့ အိမ်ဘက်ကို ဓာတ်လှေခါးစောင့်ရင်း ခဏခဏ လှမ်းလှမ်းကြည့်ဖြစ်တယ်… မတွေ့တော့ သူတစ်ယောက်ထဲပဲ အောက်ဆင်းသွားရင်း စိတ်ထဲမှာတွေးမိတာက ဒီကလေးမတော့ Himchan နဲ့ တွေ့ဖို့ မနက်စောစောထပြေးတယ်ထင်ပါတယ်တဲ့…
အမှန်က လင်းလင်းတစ်ယောက် မှန့်တွေသွားဝယ်နေတာ sushi တို့ cheesecake တို့အပြင် သူတို့ စားတတ်မယ့် တခြား မုန့်တွေ အများကြီးပါ သွားဝယ်တာ… နေ့လည်ဘက်လောက် အိမ်ပြန်ရောက်တော့ မုန့်တွေကို သေချာ ထုပ်ပိုးပြီး Daehyun တို့ အိမ်ရှေ့ကို လင်းလင်းရောက်လာတယ်… တံခါးလည်း မခေါက်ရဲဘူး… အနှောက်အယှက် ဖြစ်သွားမှာစိုးလို့… အဲ့ဒါနဲ့ စာရွက်လေးတစ်ရွက် သွားယူခါ ကိုရီးယားလိုလည်း မရေးတတ်တော့ သူ့နာမည် လင်းလင်းကိုပဲ ကိုရီးယားလို ရေးပြီး အိတ်မှာ ကပ်လိုက်တယ်…
Daehyun က အထဲကနေ လင်းလင်း အိမ်ပေါက်ဝ ရောက်နေတာကို မြင်တော့ အသံမပေးပဲ ပြတင်းပေါက်တံခါးကို အသာလေးဖွင့်ပြီး လင်းလင်း မုန့်တွေကို အိမ်တံခါးရှေ့က လှေခါးထစ်မှာ ချနေတာကို မေးထောက်ပြီး ကြည့်နေတယ်…
“မုန့်တွေကို အောက်ချကျွေးရအောင် ငါတို့က ခွေးတွေ မို့လို့လားဟင်?” လို့ Daehyun က ရုတ်တရက် ပြောချလိုက်တော့ လင်းလင်း ကလန့်ပြီး ထတောင်ခုန်မိသွားတယ်…
“လန့်လိုက်တာဟယ်… အသံမပေး ဘာမပေးနဲ့…” လို့ပြောတော့…
“နင်ကရော အသံပေးလို့လား? သူများအိမ်ရှေ့လာပြီး တံခါးလည်း မခေါက်ပဲနဲ့…” လို့ Daehyun ကပြန်ပက်တယ်…
“အနှောက်အယှက် ဖြစ်သွားမှာစိုးလို့ပါ… ရော့ဒီမှာ… ဒီနေ့မနက် စောစောထ မြို့ပတ်ပြီး မုန့်တွေ ၀ယ်လာတာ… နင်နဲ့ Himchan oppa နဲ့ စားဖို့… အော်… နင်ကြိုက်တဲ့ cheesecake လည်းပါတယ်” လို့ ပြုံးစိစိနဲ့ လင်းလင်းကပြောတယ်… Daehyun လည်း cheesecake ဆိုတဲ့ အသံကြားတာနဲ့ ပြတင်းပေါက်က ခွာပြီး အိမ်တံခါး ချက်ချင်းထဖွင့်ပေးလိုက်တယ်…
YOU ARE READING
Baby! You're My Lovesick [Completed]
FanfictionBAP Myanmar Fanfiction By Yamin Ohmar (Yamin Mato)