ကားတန်းရှည်သည်၊တရားမဝင်ကာစီနိုရုံတစ်ခုရှေ့တွင်ရပ်တန့်သွားလေသည်။ကားရပ်လိုက်သည်နှင့်ခွန်းမောင်ကိုယ်တိုင်မိုးထက်ဝဠာအားတံခါးဖွင့်ပေးကာ၊ခေါင်းမဆောင့်မိစေရေးလက်ဖြင့်အမိုးအားဆုပ်ကိုင်ထားပေးသေးသည်။
လောင်းကစားရုံမို့၊ဆူညံနေကာ၊ရှေ့တွင်လည်းအမျိုးစားစုံသောကား၊ဆိုင်ကယ်တွေဖြင့်ပါကင်အကျယ်ကြီးမှာပြည့်ကြပ်နေ၏။
ခွန်းမောင်တို့၏ကားတန်းမှာတော့တစ်ဖြောင့်တည်းရပ်ထားကာ၊တပည့်တွေမှာကားတစ်စီးပေါ်တွင်၊တစ်ယောက်ဆီနေခဲ့ကြပြီး၊ကျန်သူများကတော့ခွန်းမောင်နှင့်မိုးထက်ဝဠာနောက်နှစ်ယောက်တစ်တန်း၊တန်းစီလို့ဖြောင့်မတ်စွာလိုက်ပါသွားကြလေသည်။
ခွန်းမောင်တို့၏ပုံစံမှာအလွန်ကိုထင်ရှားတာကြောင့်တချို့လူတွေ၏အာရုံကိုတစ်ခဏအတွင်းဖမ်းစားလိုက်နိုင်သည်။
" သား ဝဠာ! "
ဦးမိုးထက်မှာ လူနှစ်ယောက်၏အချုပ်ခံထားရကာ၊မိုးထက်ဝဠာအားမြင်သည်နှင့်အားရဝမ်းသာလှမ်းခေါ်လေသည်။ မိုးထက်ဝဠာကတော့အလွန်ကိုခံစားရခက်နေမိသည်။ အဖေဟာသည်အလုပ်ကိုဘယ်လိုလုပ်ပြီးထပ်လုပ်နိုင်ရသည်လည်းမသိ။
အဖေကတစ်ချိန်ကဆို၊အရက်သေစာ၊လောင်းကစားကိုအလွန်ရှောင်ရှားသောလူဖြစ်ကာ၊အမေ့သေဆုံးမှုနောက်ပိုင်းတွင်ဤကဲ့သို့ဖြစ်လာတာဖြစ်သည်။ အပြစ်မတင်ရက်သလို၊ သဘောလည်းမကျပါချေ။
" ဒီပုဂ္ဂိုလ်ကဘယ်လိုလူပါလိမ့်။ ဥက္ကာကိုယ်တိုင်တောင်ရောက်ချလာတယ်ဆိုတော့! "
အသံလာရကြည့်လိုက်တဲ့အခါ၊ခွန်းမောင်တို့နီးတူလူအုပ်ဖြင့်ခပ်မိုက်မိုက်လျှောက်လာသောလောင်းကစားရုံပိုင်ရှင်ဖြစ်သည်။ ထိုလူမှာခွန့းမောင်လောက်လူကောင်မထွားသော်လည်းသူ့အရပ်၊သူ့ဂိုက်နှင့်တော့ကြည့်ရအဆင်ပြေသောလူတစ်ယောက်ဖြစ်ကာ၊ကြယ်သီးဖြုတ်ထားသောရင်ဘက်မှမြင်နေရသောတက်တူးတွေမှာသူ့အလူမိုက်ပိုဆန်စေသည်။
" လူကိုလွှတ်ပေးလိုက် "
" သူငါ့ဆီရောက်နေတာ လေးရက်ရှိပြီ။နှစ်ရက်မှာနိုင်ပြီး၊မနေ့ညကတည်းကရှုံးကြွေးပါတွက်ရင်၊တစ်ရာကျော်နေပြီ၊ငါမလွှတ်ပေးနိုင်ဘူး "