Uni
"ဒင်"
"ဒင်"
အိမ်ရှေ့မှ တဒင်ဒင်မြည်နေသော ဘဲလ်သံကြောင့် သစ်တော ဆေးလက်စ ပန်းကန်တွေကိုချထားခဲ့ကာ အိမ်ရှေ့ကိုခပ်မြန်မြန်ပြေးသွားလိုက်သည်။ ရင်တထိတ်ထိတ်နှင့် တံခါးမဖွင့်မီ ချောင်းကြည့်သည့် အပေါက်လေးထဲမှ မည်သူမည်ဝါလာသည်ဟု အသေအချာ ချောင်းကြည့်ရသေးသည်။ ဘာမဆို မလုံခြုံတော့တဲ့ခေတ်မှာ ဒါမျိုးက လက်လွတ်စပယ်လုပ်လို့ မဖြစ်။
အိမ်ရှေ့တံခါးဝမှာ အထုတ်တစ်ထုတ်ကိုင်ရင်း ခေါင်းကုပ်လိုက်ဖင်ကုပ်လိုက် လုပ်နေသူ ဘယ်ရီ့ကို မြင်မှသာ သူ စိတ်ချလက်ချ တံခါးဖွင့်နိုင်သည်။ ဒါတောင် သိပ်ပြီး စိတ်အချကြီးမဟုတ်။ ဘယ်ရီအတုလား အစစ်လား သူ့ခေါင်းထဲမှာ တစ်စက္ကန့်လောက် ပြေးလွှား စဉ်းစားလိုက်ရသေးသည်။
"မင်းကွာ တာဝတိံသာများ တက်နေတာလား ကြာချက်က လက်လန်တယ်"
အထဲရောက်ရောက်ချင်း ဘယ်ရီက ညည်းသည်။ လက်ထဲကိုင်ထားသည့် အထုတ်ကို သစ်တောဆီထိုးပေးရင်း ဦးထုတ်ချွတ်ကာ မောမောပန်းပန်းနှင့် ကြိမ်ကုလားထိုင်တွေပေါ် ခြေပစ်လက်ပစ်ထိုင်သည်။ လိုင်းကားစီးလာရတာ မောပုံရသည်။ ဒါတောင် သူတို့အိမ်ချင်းက ဟိုနားနဲ့ဒီနား။
"နောက်ဖေးမှာ ပန်းကန်ဆေးနေလို့ဟ ဘာတွေလဲဒါက"
အထုတ်ကိုကြည့်ရင်းမေးလိုက်တော့ ဘယ်ရီက ချက်ချင်းပြန်ဖြေလာပါသည်။
"ဘာတွေရမှာလဲ အမေပေါ့ ဒီနေ့ သာကူချက်တာနဲ့ မင်းကိုသွားပေးခိုင်းလိုက်လို့လေ။ သာကူက ရှယ်လုပ်ထားတာနော် ပျစ်ပျစ်လေး။ မင်းကြိုက်တဲ့ ကန်စွန်းဉချိုချိုတွေတောင်ပါသေး။ ငါ မကြိုက်ပါဘူးဆိုမှ အမေက မင်းကြိုက်တယ်ဆိုပြီး စွတ်ကို ထည့်နေတော့တာပဲ တကယ်"
"ကန်စွန်းဉ ကောင်းပါတယ်ကွ မင်းကလည်း"
"ကန်စွန်းဉက ဒီတိုင်းဆို ကောင်းတယ်လေ။ မင်းသာကူက တအားချိုတာ ကန်စွန်းဉက အစိမ့် ဘယ်လိုမှ မလိုက်တာကြီးကို"
"လိုက်ပါတယ်ဟ"
သစ်တောက ခပ်တိုးတိုးပွစိစိပြောရင်း သာကူဘူးကို ရေခဲသေတ္တာထဲသွားထားသည်။ ဖွင့်ကြည့်စရာတောင်မလို။ အန်တီနုငယ်လက်ရာက တကယ့်ထိပ်တန်းဆိုတာ ကြိုသိပြီးသားပင်။ ရေခဲသေတ္တာထဲ ခဏထည့်ထားပြီးမှ မနက်စာအနေနဲ့ သာကူအေးအေးလေး စားရမည်။ သစ်တော နှုတ်ခမ်းလေးက အစားအသောက်ကောင်းစားရမည်ဆိုသဖြင့် ပြုံးရွှင်သွားသည်။
YOU ARE READING
သစ်တော (Completed)
RomanceUni မျက်လုံးချင်းဆုံတိုင်း ရလာတဲ့ ရင်းနှီးနေတဲ့ ခံစားချက်တွေ၊ ညသန်းခေါင်အိပ်မက်ထဲက ဝိုးတိုးဝါးတား အနမ်းတွေ၊ လရောင်အောက်က သင်မထားလည်း အလွတ်ရနေတဲ့ ကကွက်တွေ... ကြည့်ရတာ ဒီအချစ်က ဒီဘဝမှ စခဲ့တာ မဟုတ်ဘူးထင်ပါရဲ့။ ။ Cover By Pinterest Zawgyi မ်က္လံုးခ်င္း...