Episode 5

1.2K 146 3
                                    

Uni

ဒီည လသာသည်။ မြို့တွင်း ကပွဲရုံဆီမှ ဆူဆူညံညံအသံများကို အပ်ဖျားစာလောက် သေးငယ်သော အသံများအဖြစ် အုန်းအုန်းကျွက်ကျွက် ကြားနေရဆဲ။ ဘာပဲဆိုဆို ဒီမှာက အပ်ကျသံတောင် မကြားရတဲ့အထိ တိတ်ဆိတ်လွန်းလှသည်မလား။

Cork ပြတင်းပေါက်ရှည်နားကို တိုးကပ်သွားလိုက်သည်။ မားမားမတ်မတ်နှင့် မြင့်လွန်းလှသော ရဲတိုက်ကြီးပေမို့ သူ ဘယ်တုန်းကမှ ပြတင်းပေါက်နဲ့ အလွန်နီးကပ်စွာ မနေခဲ့ဖူးပေ။ ဒီညတော့ လက သူ့အား ညှို့ငင်နေသယောင်ရှိသည်။ အုတ်ဘောင်ကွပ်ထားသော ပြတင်းပေါက်ရှည်ကြီးသည် ခိုင်မာပြီး ကြမ်းတမ်းသည့်အသွင်ဆောင်ကာ ရွှေရောင်ဆံပင်ရှည်တွေနှင့် တစ်စုံတစ်ယောက်ကို ဆွဲဆောင်နေသည်။

အရှေ့ကို တိုးလိုက်တော့ လေက သဲ့သဲ့တိုက်ခတ်သွားကာ ရွှေဝါရောင်ဆံပင်လိပ်များက လေထဲသို့ ဝဲခနဲဖြစ်သွားသည်။ လေသည် အေးကာ လတ်ဆတ်လှပေသည်။ သူ ဆံပင်ရှည်ကြီးများကို လက်မောင်းထဲ သိမ်းကျုံးပစ်လိုက်ရင်း ဇာဂါဝန်ပေါ်မှ ဝတ်ရုံပါးလေးကိုပါ ပြန်ဆွဲစိလိုက်၏။

ဟိုးဆီမှ မြို့၏ အသွင်သဏ္ဉာန်ကို လှမ်း၍ မြင်နေရသည်။ မီးရောင်တွေစုဆုံနေပြီး အနည်းငယ်သော လှုပ်ခတ်မှုမျိုးဖြင့် သစ်ပင်စိမ်းစိမ်းတွေကြား မတူခြားနားစွာ တည်ရှိနေ၏။ ဒီလိုအချိန်မျိုးဆို ကပွဲရုံထဲမှာ ဂါဝန်ရှည်ကြီးတွေနှင့် သိမ်သိမ်မွေ့မွေ့ မိန်းမလှလေးတွေ ဘယ်လောက်တောင် ရောက်နေကြပြီလဲ။

တီးလုံးသံတွေ ခပ်သဲ့သဲ့ကြားရပုံအရ သူတို့ ကနေကြဦးမှာသေချာသည်။ ပေါင်မုန့်ရှည်တွေ၊ အသားပန်းကန်တွေ ဝိုင်ခွက်တွေကို မြှောက်ပြီး မြို့စား Floyd သက်တော်ရာကျော်ရှည်ပါစေရယ်လို့များ အော်ဟစ်နေကြမှာလား။

Corkက ပြတင်းပေါက်ရှည်၏ အုတ်ဘောင်ကြမ်းကြမ်းအား သူ၏ နူးညံ့သော လက်ဖြင့် အသာအယာထိတွေ့လိုက်သည်။ ကြမ်းတမ်းလှသော ပြတင်းပေါက်ရှည်နားဝယ် နူးညံ့လှသော အလှကလေး ရပ်နေပုံက သိမ်မွေ့လှသည်။

မိုးကောင်းကင်ပေါ်ကို မော့ကြည့်လိုက်တော့ တိမ်စင်သည့် ကောင်းကင်မှာ လမင်းကြီးက တင့်တယ်စွာတည်ရှိနေသည်။ Cork ငယ်စဉ်ကတော့ ဒီလိုညမျိုးဆို ဒယ်ဒီတို့ဆီ ပြန်ရဖို့ ဆုတောင်းခဲ့ဖူးသည်။ ကြာလာတော့လည်း... ဆုတောင်းတွေက မပြည့်တတ်မှန်း၊ နတ်ဘုရားတွေက အလုပ်ရှုပ်နေတတ်မှန်း သူ သိလာသည်။ ဒီလိုညမျိုးဆို ဆုတောင်းဖို့ထက် အလှတရား ခံစားဖို့လောက်ပဲ သူ အပြင်ကို ငေးကြည့်လေ့ရှိသည်။

သစ်တော (Completed)Où les histoires vivent. Découvrez maintenant