Episode 15

980 129 8
                                    

Uni

ပင်လယ်လေအေးတစ်သိုက်က ပွင့်နေတဲ့ တံခါးဆီကနေ ဝေ့တိုက်လာသည်။ တံခါးပွင့်နေတာကလွဲရင် တံခါးရှေ့၊ ဒါမှမဟုတ် တံခါးနားမှာ လူတစ်ယောက်မှ ရှိမနေ။ အန်တီချစ်က ကြာလွန်းသည်။ ဆေးမရှိလို့ သွားဝယ်နေရတာပဲလားမသိ။ သစ်တော ဒီတိုင်းရပ်နေရတာ ခြေထောက်တွေပါ ကျဉ်လာသည်။

ကုတင်ပေါ်ကလူကို လှည့်ကြည့်တော့ ခပ်ကွေးကွေးငြိမ်သက်နေဆဲ။ ဒီလောက်ထိအောင် ငြိမ်သက်နေတယ်ဆိုမှတော့ အိပ်ပျော်နေတယ်ဆိုတာ သေချာသွားသည်။ သစ်တော ရင်ပူနေတာ အေးသွားသလိုပင်။

ကုတင်နဲ့ ခပ်လှမ်းလှမ်းက ထိုင်ခုံဆီသွားထိုင်ဖို့ ခြေလှမ်းလိုက်သည်။ သူ ညောင်းနေတာ တော်တော်ကို ကြာလေပြီ။

"ဟင်း"

ခပ်တိုးတိုးညည်းသံက သိပ်ပြီး အထင်တရှားမရှိလှ။ သို့သော် သစ်တော ကြားလိုက်သည်။ ခပ်ကွေးကွေးခန္ဓာကိုယ်သည် အားဖျော့စွာ တစ်ချက်လှုပ်သွားပေမဲ့ ပြန်ငြိမ်ကျသွားသည်။

'အရမ်းများ ဖျားနေတာလားမသိ'

သစ်တော သူနဲ့သူဌေးကြားထဲက ကိစ္စတွေကို ရုတ်တရက် ခဏမေ့သွားကာ ကုတင်ဆီ လျှောက်လာခဲ့လိုက်သည်။ တစ်ဖက်လူက အိပ်ပျော်နေတာပဲမို့ သူ့စိတ်ထဲ ကြောက်စိတ်တွေ ရှိမနေ။

ခပ်မှုန်မှုန်အလင်းရောင်ကြားထဲမှာ အဖြူရောင်လက်စည်း ညအိပ်ဝတ်စုံကို ဝတ်ထားသော သစ်တော ခန္ဓာကိုယ်လေးက ကုတင်ဆီ တဖြည်းဖြည်းရွေ့လျားသွားသည်။

မှောင်နေသည်ကြောင့် သူဌေးမျက်နှာကို အသေအချာတော့ မမြင်ရ။ သို့သော် ဝါးတားတားလေး ခံစားမိနေသည်။ မျက်လုံးမှိတ်ပြီး ငြိမ်သက်နေသော သူဌေး၏ပုံရိပ်ကို တစ်ခါမှမမြင်ဖူးတာမို့ သစ်တော ခဏလောက်ကြည့်နေမိသည်။

ဆံပင်ရှည်တွေက မျက်နှာပေါ်သို့ ကပိုကရိုကျနေကာ ချွေးတို့ဖြင့် စေးကပ်နေပုံပင်။ မုတ်ဆိတ်တွေနဲ့ပေါင်းလိုက်တော့ လူဆိုးရုပ်ပေါက်သွားပေမဲ့ မေးရိုးချွန်ချွန်နှင့် နှာတံရှည်တို့က ချောမောသည့်သွင်ပြင်ကို ပြန်လည်ထိန်းသိမ်းထားသည်။

သစ်တော (Completed)Où les histoires vivent. Découvrez maintenant