Episode 8

1.2K 149 19
                                    

Uni

"ပန်းခြံထဲသွားကြရအောင်"

"ဗျာ"

ကိတ်မုန့်တစ်ချပ်ကို ပါးစပ်ထဲ သွပ်ရင်း သစ်တောက ဗလုံးဗထွေး ပြန်ဖြေသည်။ ဘွားဘွားကြီးက သစ်တောကို မျက်မှောင်ကုပ်ကြည့်ရင်း ခေါင်းခါ၏။

"အာမေဋိတ်က ဟင်ဆိုရင် ရပြီ"

ဘာကြောင့်မှန်းမသိ သစ်တော ငြိမ်ကျသွားရပြန်သည်။ ခုမှတွေ့တဲ့သူစိမ်းမို့ ကြောက်တာလည်း ကြောက်တာပေမဲ့ တခြားအကြောင်းအရင်းတွေလည်း ရှိဦးမည်ထင်သည်။ ဘွားဘွားကြီး သူ့ကို ဆူလိုက်တိုင်းမှာ နေသားကျနေသလိုမျိုး လိုက်လုပ်နေမိတာက ထူးဆန်းသည်။ အလုပ်ရှင်မို့ ကြောက်လို့ဆိုတာကို အသာထား။ အလုပ်ရှင်လို့ မတွေးမိခင်မှာကို ဘွားဘွားကြီး ပြောတဲ့အတိုင်း လိုက်လုပ်မိတာမျိုးက...

"သန့်စင်ခန်း"

ဘွားဘွားကြီးက စကားကို ခပ်တိုတိုပြောကာ ထရပ်သည်။ အဝကြီးမဟုတ်ပေမဲ့ အသက်ကြီးသူမို့ထင်သည်။ ဘွားဘွားကြီးက ထိုင်ဖြည်းဖြည်း ထဖြည်းဖြည်းပင်။ မမသူဇာက ဘွားဘွားကြီးစကားကိုကြားသည်နှင့် အနားသို့ ကပျာကယာရောက်လာကာ သန့်စင်ခန်းဘက်သို့ တွဲထူသွားပေးသည်။ သစ်တော ဘာမှတောင်မလုပ်လိုက်ရဘဲ ဆိုဖာပေါ်မှာ ငုပ်တုပ်ကလေး။

"သား"

ဘွားဘွားကြီး ကွယ်ရာရောက်သည်နှင့် အန်တီချစ်က အနားကို ကပျာကယာလာထိုင်သည်။ ပေါင်ပေါ်တင်ထားသည့် သစ်တောလက်တစ်ဖက်ကို အတင်းဖျစ်ညှစ်ဆွဲယူရင်း အားနာသည့်ဟန်ဖြင့်

"သားရယ် အန်တီ အားနာလိုက်တာ။ ဘယ်လိုလုပ်ပေးရမှန်းကို မသိတော့ဘူး။ တောင်းပန်ပါတယ်သားရယ်။ ဂါဝန်ဝတ်ရမှာ စိတ်မသက်မသာ ဖြစ်နေတော့မှာပဲ"

"အာ... မဟုတ်ပါဘူးအန်တီချစ် သားက ရပါတယ်"

သစ်တောက သူ့အကျင့်အတိုင်း ရယ်ကျဲကျဲလုပ်ရင်း ပြောသည်။ တကယ် မသက်မသာတော့ ဖြစ်ရပေမဲ့ အမှန်အတိုင်းပြောရင်ရော အန်တီချစ်က သူ့ကို ဘာလုပ်ပေးနိုင်မှာမို့လို့လဲ။ ဘာပဲဖြစ်ဖြစ် ဒီတစ်နေ့တော့ ဝတ်ကို ဝတ်ရမှာပဲမို့ မသက်မသာဖြစ်ရတာတွေ ဘာတွေ သူ တွေးမနေချင်တော့ပါ။

သစ်တော (Completed)Where stories live. Discover now